ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေး ဖွဲ့စည်းပုံကိစ္စ အဓိကဆွေးနွေး
2013.12.28

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို နေပြည်တော်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး ကျင်းပနေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို အဓိကထား ဆွေးနွေးနေတယ်လို့ အစည်းအဝေး တက်ရောက်နေတဲ့ ပါတီတာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
ဒီနေ့အစည်းအဝေး ၄ ရက်မြောက်မှာ ပါတီဥက္ကဌ သူရဦးရွှေမန်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သူရ ဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်တဲ့ကိစ္စ ဟာ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ကိစ္စ ဖြစ်တဲ့အတွက် ခုလို အစည်းဝေးကို ခေါ်ယူရတာဖြစ်တယ် လို့ ပြောသလို ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အာဏာရပါတီ ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ လုပ်နည်းလုပ်ဟန် မှန်ကန်စွာနဲ့ ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။
ဒါ့အပြင် တိုင်းပြည်မှာ မတည်ငြိမ်တဲ့ကိစ္စတွေ မမျှော်လင့်တဲ့ကိစ္စတွေ ကြုံတွေ့လာပါက ပါတီအနေနဲ့ ပါတီနဲ့ လူတစ်စုအတွက်မဟုတ်ဘဲ တိုင်းပြည်အတွက် ကြည့်ရမယ်လို့ပြောခဲ့ကြောင်း သိရပါတယ်။
ဖွဲ့စည်းပုံ ပြင်ဆင်သုံးသပ်ဖို့အတွက် အဓိကထားဆွေးနွေးတဲ့နေရာမှာ ဖွဲ့စည်းပုံမှာ ပြောင်းလဲသင့်တာတွေကို ပြောင်းလဲနိုင်အောင် ဆောင်ရွက်ဖို့လည်းလိုတယ်လို့ ပါတီဥက္ကဌ သူရဦးရွှေမန်းက ပြောခဲ့ကြောင်းလည်း သိရပါတယ်။
အစည်းအဝေးကို လာမယ့် ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။