မြန်မာနိုင်ငံတွင်းက အမေရိကန်နိုင်ငံသားတွေ အထူးသတိထားနေထိုင်ဖို့ အမေရိကန်သံရုံးထုတ်ပြန်

2022.07.27
မြန်မာနိုင်ငံတွင်းက အမေရိကန်နိုင်ငံသားတွေ အထူးသတိထားနေထိုင်ဖို့ အမေရိကန်သံရုံးထုတ်ပြန် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးအနီးတွင် စောင့်ကြပ်နေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
Photo: AFP

မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဝေးဝေးနေဖို့နဲ့ လုံခြုံရေးဝန်ထမ်းတွေနဲ့ စစ်ကောင်စီထောက်ခံသူတွေကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်မှုတွေ ကြုံကြိုက်နိုင်တဲ့အတွက် သတိပြုပြင်ဆင်ထားကြဖို့ အလေးအနက်ထားသတိပေးတယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ အထူးသဖြင့် ရန်ကုန်မှာ စစ်ကောင်စီအပေါ် တုံ့ပြန်တိုက်ခိုက်ရေး အရှိန်မြှင့်ဖို့တောင်းဆိုတဲ့ လူမှုကွန်ရက်ပို့စ်တွေကို သတိပြုမိတဲ့အတွက် အခုလို ထုတ်ပြန်ရတာလို့ဆိုပါတယ်။

နိုင်ငံခြားသားတွေကို သီးသန့်ခြိမ်းခြောက်တာမျိုးမရှိပေမယ့် မှားယွင်းတဲ့နေရာမှာ အချိန်မှားပြီးရှိနေတာ၊ အထူးသဖြင့် ရန်ကုန်တစ်မြို့လုံးက ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ကောင်စီကို တုံ့ပြန်တိုက်ခိုက်ကြဖို့ တပ်လှန့်ထားချိန်မှာ ရန်ကုန်မြို့အတွင်းရှိနေတာကိုက စိုးရိမ်စရာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုတွေ၊ ဆန္ဒပြပွဲတွေ၊ ဒါမှမဟုတ် အာဏာပိုင်တွေအပေါ် ခြိမ်းခြောက်မှုလို့ ယူဆရတဲ့ ဘယ်လိုခြိမ်းခြောက်မှုတွေကိုမဆို စစ်အစိုးရက အကြမ်းဖက်တုံ့ပြန်တာတွေဟာ လူတိုင်းကို ဒီလိုသတိထားရဖို့ဖြစ်လာစေတဲ့အတွက် လူတိုင်း သတိရှိရှိနေထိုင်ဖို့နဲ့ မြို့အနှံ့မှာ လှုပ်ရှားမှုတွေ အချိန်မရွေး၊ နေရာမရွေး ပေါ်ပေါက်လာနိုင်တယ်ဆိုတာ စဉ်းစားထားကြဖို့လည်း သတိပေးထားပါတယ်။

ဆက်သွယ်ရေးပြတ်တောက်မှု ဖြစ်နိုင်ခြေကို အားလုံးက ကြိုတင်ခန့်မှန်းထားသင့်ကြောင်းနဲ့ တကယ်လို့ စစ်ကောင်စီက မြို့ကို ပိတ်ဆို့လိုက်ရင်ဖြစ်ဖြစ်၊ မြို့တွင်းမှာ အန္တရာယ်ကြီးမားတဲ့ လှုပ်ရှားမှုတွေပေါ်ပေါက်လာရင်ဖြစ်ဖြစ် အဆင်ပြေအောင် ၇ ရက်စာ အစားအသောက်၊ သောက်ရေ၊ ဆေးဝါးတွေကို ကြိုတင်စုဆောင်းထားကြဖို့လည်း သတိပေးထားပါတယ်။

ကိုယ်နေထိုင်ရာပတ်ဝန်းကျင်မှာ လုံခြုံရေးအခြေအနေနဲ့ အချင်းချင်းဆက်သွယ်နိုင်တဲ့အခြေအနေတွေ အချိန်မရွေး ပြောင်းသွားနိုင်တာကိုလည်း အမြဲသတိရနေကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။