နိုင်ငံရေးပါတီ ၆၀ ကျော် နဲ့ UPWC, NCCT တို့ ဆွေးနွေး
2014.09.27

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေး ပွဲတွေကသာ အဖြေရှာသွားနိုင် မှာဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ကျင်းပ တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုစည်းထားတဲ့ NCCT နဲ့ နိုင်ငံရေးပါတီ ၆၄ ဖွဲ့တို့ တက်ရောက်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဝန်ကြီး ဦးအောင်မင်းက အခုလိုပြောသွားတာပါ။
"မိမိတို့နိုင်ငံမှာ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင် ပဋိက္ခများချုပ်ငြိမ်းရန် နိုင်ငံရေး အရ ဆွေးနွေးအဖြေရှာခြင်းကသာလျှင် စစ်မှန်တဲ့ရလာဒ်များ ရလာနိုင်တယ်လို့ အခိုင်အမာ ယုံကြည်တဲ့ အတွက်ကြောင့်မို့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန် ယနေ့ကဲ့သို့သုံးပွင့်ဆိုင် နိုင်ငံရေး အင်အားစုများ တွေ့ဆုံစုစည်းခြင်းအားဖြင့် လိုအပ်သည့် အပြန်အလှန်ယုံကြည်မှုများ တည်ဆောက်သွား နိုင်မှာဖြစ်ပါတယ်"
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက မြန်မာတစ်နိုင်ငံလုံးမှာ နေထိုင်ကြတဲ့ တိုင်းရင်သား ပြည်သူအားလုံး စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ဖို့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အရေးကြီးတယ် လို့ ဒီနေ့ပွဲမှာ ပြောပါတယ်။
"ကျနော်တို့နိုင်ငံရဲ့ အဓိကလိုအပ်မှုကတော့ တိုင်းရင်းသားအားလုံး၊ လူ့အဖွဲ့အစည်းတွေအားလုံး အတူတကွ အေးအေးချမ်းချမ်းနဲ့ နေနိုင်ဖို့ဖြစ်တယ်၊ အဲ့လိုအတူတကွ အေးအေးချမ်းချမ်းနေနိုင်ဖို့ဆို တဲ့ နေရာမှာလည်း လူတွေဟာ ကျနော်တို့အားလုံး လူချင်းအတူတူဖြစ်တော့ တန်းတူရည်တူရှိဖို့လိုပါတယ်၊ တရားမျှတမှုရှိဖို့လိုပါတယ်၊ အဲ့လိုပုံစံမျိုးနဲ့ မဟုတ်ဘူးဆိုရင် တစ်ဖွဲ့ကအပေါ်စည်းကယူပြီးတော့ ကျန်တဲ့ အင်အားစုတွေအားလုံးက အမိန့်ကိုနာခံနေရတဲ့ ပုံစံမျိုးဆိုတော့ ဘယ်လိုမှငြိမ်းချမ်းရေးကို တည်ဆောက်လို့ရမှာ မဟုတ်ဘူး"
ဒီဆွေေးနွးပွဲကို ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ စတဲ့ ပါတီ ၆၄ ပါတီက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကတော့ အဖွဲ့ချုပ်တည်ထောင်တဲ့ ၂၆ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားရှိတဲ့အတွက် မတက်ရောက်နိုင်ဘူးလို့ သိရပါတယ်။
ဒီသုံးပွင့်ဆိုင်တွေ့ဆုံပွဲဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုစည်းထားတဲ့ NCCT တို့ရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ၆ ကြိမ်မြောက် ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ပွဲဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားပါတယ်။