ပင်လုံညီလာခံ ပြင်ဆင်ရေးကော် မတီ နဲ့ NRPC ဖွဲ့စည်းရေး ကော် မတီတွေ ထူထောင်


2016.05.31
tinmyowin-dassk-updjc-620.jpg နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ တင်မျိုးဝင်း တို့ကို ၂ဝ၁၆ ခုနှစ် မေလ ၂၇ ရက်နေ့က နေပြည်တော် Horizon Lakeview ဟိုတယ်မှာကျင်းပတဲ့ UPDJC အစည်းအဝေးမှာ တွေ့ရစဉ်
Photo: Myanmar State Counsellor Office

၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ ဆပ်ကော်မတီ နှစ်ခုကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီကနေ့ ဖွဲ့စည်းပေးလိုက်ပါတယ်။

NCA စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အတွက် ဒေါက်တာတင်မျိုးဝင်းနဲ့အဖွဲ့က တာဝန်ယူ မှာဖြစ်တယ်လို့ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော် မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောပါတယ်။

"အခုကျနော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း အနေနဲ့တော့ လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက် ကိုင်ခေါင်းဆောင်တွေကို ဦးဆောင်ပြီးစတွေ့ဖို့တော့ ပြင်နေတယ်ဗျ၊ လာမယ့်ရက်ပိုင်းမှာတော့ တွေ့နိုင် မယ်ထင်တယ်"

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်မယ့် ဆပ်ကော်မတီမှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့စလုံးက ခေါင်းဆောင်တွေ ပါဝင်ကြပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီက NCA မှာ လက်မှတ်ထိုးပြီးတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ရော လက်မှတ်မထိုး ရသေးတဲ့ အဖွဲ့တွေ နဲ့ပါ ဆွေးနွေးညှိနှိုင်းဖို့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လိုအပ်ချက်၊ တင်ပြချက်တွေကို အစိုးရ၊ တပ်မတော်တို့နဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ ကို အဓိက တာဝန်ယူရမှာ ဖြစ်ပါတယ်။

၂၁ ရာစုပင်လုံ ညီလာခံကို လာမယ့် ဇူလိုင်လမှာ ကျင်းပနိုင်ဖို့အတွက် လျာထားတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန MPC ကို အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC အဖြစ် ပြန်လည်ဖွဲ့စည်းဖို့အတွက် ကော်မတီတစ်ရပ်လည်း ဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီကော်မတီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်နဲ့ NRPC ကိုဖဲ့ွစည်း ရမှာဖြစ်ပါတယ်။

အဲဒီကော်မတီမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ဒုတိယဥက္ကဌအဖြစ် တာဝန်ယူထားပြီး အဖွဲ့ဝင် ၈ ဦး ပါဝင်ပါတယ်။ အရင်က MPC ရုံးကို NRPC  ရဲ့ ရန်ကုန်ရုံးခွဲအဖြစ် ထားရှိဖို့၊ NRPC ဖွဲ့စည်းရာမှာ ဝန်ထမ်းတွေကို နိုင်ငံ့ဝန်ထမ်း ဥပဒေ နည်းဥပဒေတွေနဲ့အညီ ဖွဲ့စည်းရမှာဖြစ်ပါတယ်။

၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ ဆပ်ကော်မတီ နှစ်ခုတို့ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီကနေ့ ဖွဲ့စည်းပေးလိုက်ပါတယ်။

ဆပ်ကော်မတီ ၂ မှာ ဦးဆောင်မယ့် ဒေါက်တာတင်မျိုးဝင်းနဲ့ အဖွဲ့ဟာ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး မှာဖြစ်တယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီရဲ့ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြော ပါတယ်။

ဦးလှမောင်ရွှေကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။