တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ လုံခြုံရေးကဏ္ဍ ဆွေးနွေးမည်မဟုတ်


2018.06.29
usdp-jun29-622.jpg ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ကကျင်းပစဉ်
Photo: Hla Maung Shwe's Facebook

လာမယ့် တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေးမှာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီတွေ က ဆွေးနွေးကြမယ့် အကြောင်းအရာတွေထဲမှာ လုံခြုံရေးကဏ္ဍကိုတော့ ထည့်သွင်းဆွေးနွေးမှာ မဟုတ်ဘူးလို့ ဒီကနေ့ကျင်းပတဲ့ UPDJC အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

နေပြည်တော် NRPC ခန်းမမှာ ဒီနေ့ ပြုလုပ်တဲ့ UPDJC အစည်းအဝေးမှာ အခုလိုဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ UPDJC ဒုတိယဥက္ကဌ ဒေါက်တာဆလိုင်းလျံမှုန်းဆာခေါင်း က ပြောပါတယ်။

‘’ဒီနေ့ကျနော်တို့ တတိယအကြိမ်ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ တင်သွင်းမယ့်စာတမ်းတွေ ကိုအတည်ပြုနိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ အဓိကတော့ လုံခြုံရေးကဏ္ဍကတော့ သဘောတူထားတာ ညှိနှိုင်းဆွေးနွေးထားတဲ့အချက်တွေက မပြည့်စုံသေးလို့ ဒီညီလာခံမှာ ဆုံးဖြတ်ချက်မချသေးဘူးလို့ သဘောတူထားပါတယ်’’

ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပနိုင်မယ့် ၂၁ ရာစုပင်လုံညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့သဘာဝပတ်ဝန်းကျင်ကဏ္ဍ တွေနဲ့ဆိုင်တဲ့ အချက်တွေကို ဆွေးနွေးမှာဖြစ်ပေမယ့် လုံခြုံရေးကဏ္ဍကိုတော့ မဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

လုံခြုံရေးကဏ္ဍနဲ့ပတ်သက်ပြီး အရင်ညှိနှိုင်းဆွေးနွေးထားတဲ့အချက်တွေက မပြည့်စုံသေးတဲ့အတွက် ညီလာခံမှာ ထည့်သွင်းဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ ဘယ်လိုအချက်တွေကြောင့် မဆွေးနွေးတာလဲဆိုတာကို ထည့်သွင်းပြောကြားတာတော့ မရှိပါဘူး။

ဒါ့အပြင် NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို လေ့လာသူအနေနဲ့ ဖိတ်ကြား မှာဖြစ်ပြီး ညီလာခံအစည်းအဝေးတွေမှာတော့ ဝင်ရောက်ဆွေးနွေးလို့မရဘူးလို့ ဒေါက်တာ ဆလိုင်း လျံမှုန်းဆာခေါင်းက ပြောပါတယ်။

ဖိတ်ကြားမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုတော့ သူက ထုတ်ဖော်ပြောကြားမှုမရှိပါဘူး။

ဒီနေ့ကျင်းပတဲ့ UPDJC အစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ခဲ့ဘူးလို့ သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။