ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှု ပူးတွဲကော် မတီဖွဲ့စည်းရေး ဆွေးနွေး
2015.11.21

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပြင် နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။
နိုင်ငံရေးပါတီတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ၁၆ ဦး ရွေးချယ်ဖို့ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး၊ ကိုယ်စားလှယ်တွေ ရွေးချယ်ပေးဖို့ အရေးကြီးကြောင်း ဝန်ကြီးဦးအောင်မင်းက အခမ်းအနား မှာ ပြောကြားခဲ့ပါတယ်။
"ဦးခင်မောင်ဆွေ သက်သေအစုအဖွဲ့ အားလုံးပါတီ ၈ ဖွဲ့နဲ့ စုဖွဲ့ထားတာဖြစ်တဲ့အတွက် သူတို့လည်းပါသင့် ပါတယ်၊ သူ့ကို တစ်ယောက်စီ ပေးသင့်ပါတယ်၊ နောက်ပြီးတော့မှ ဦးခွန်ထွန်းဦးရဲ့ UNA အဲ့ဒီမှာ ၈ ဖွဲ့ရှိပါတယ်၊ အဲ့ဒီမှာလည်း သူ့ကို တစ်ယောက်ပေးသင့်ပါတယ်၊ အားလုံးပေါင်းလိုက်ရင် ၉ ယောက်ဖြစ်ပါတယ်၊ ၇ ယောက် ကျန်ပါတယ်၊ ၇ ယောက် ကျန်တဲ့အခါမှာ ခင်ဗျားတို့ စဉ်းစားဖို့က အခုနက တိုင်းနဲ့ပြည်နယ်ဆီမှာ တိုင်းဒေသ ကြီးတွေဖယ်လိုက်ပါ၊ ပြည်နယ် ၇ ခု ကျန်ပါတယ်၊ အဲ့ဒီတော့ ကျနော်တို့လိုချင်တာတော့ ဒီနေ့ ၁၆ ယောက် လိုချင်ပါတယ်၊ တကယ်လို့ ၁၆ ယောက်ရမှ ၂၄ ရက်နေ့မှာ ကျနော်တို့က UPDJC လို့ခေါ်တဲ့ ဟိုဖက် ၁၆၊ ၁၆၊ ၁၆၊ (၄၈)ယောက်နဲ့ ကျနော်တို့ နောက်ထပ်လုပ်ရမယ့်ကိစ္စတွေကို ဆက်ပြီးဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ကျနော်တို့ ဒီနေ့မှာ လိုချင်ပါတယ်"
ရွေးကောက်ပွဲအနိုင်ရပါတီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၂ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၂ ဦး၊ UNA က ၁ ဦး၊ ရခိုင်အမျိုးသားပါတီက ၁ ဦး စသဖြင့် ပါသင့်တယ်လို့ ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
UPDJC အဖွဲ့မှာ အစိုးရကိုယ်စားပြုကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက ၁၆ ဦးနဲ့ နိုင်ငံရေးပါတီတွေဘက်က ၁၆ ဦး တို့ ပါဝင်ကြမှာဖြစ်ပါတယ်။
အစိုးရကိုယ်စားပြုကိုယ်စားလှယ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားပြု ကိုယ်စားလှယ်တွေကိုတော့ ရွေးချယ် ပြီးသွားပြီ ဖြစ်ပါတယ်။
ဒီကနေ့ဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၈၆ ပါတီက ကိုယ်စားလှယ် ၂၂ဝ ဦး တက်ရောက်ခဲ့ကြပါတယ်။