လူသားချင်းစာနာမှု အကူအညီပေးတဲ့ အဖွဲ့တွေ သွားလာခွင့် ကန့်သတ်ခံရ
2017.10.04

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတွေကို အစိုးရက သွားလာခွင့် ကန့်သတ်ထားတဲ့အတွက် အကူအညီပေးပို့နိုင်တဲ့ပမာဏနဲ့ အရည်အသွေးတွေ ထိခိုက်နေတယ်လို့ UNOCHA က မနေ့က ထုတ်ပြန်ထားပါတယ်။
လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေးသွားလာခွင့် တိုးတက်ကောင်းမွန်လာခြင်းမရှိရင် အမျိုးသမီးတွေ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ထိခိုက်လွယ်တဲ့ အခြေအနေရှိတဲ့သူတွေအနေနဲ့ လိုအပ်နေတဲ့ အကူအညီတွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေကို ရရှိမှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။
၂၀၁၆ မေလ ကစပြီး အစိုးရထိန်းချုပ်မှု ပြင်ပမှာရှိတဲ့ ဒေသတွေ၊ ပဋိပက္ခ ဖြစ်ပွားနေတဲ့နေရာတွေကို သွားရောက်ပြီး အကူအညီတွေ ပေးခွင့်မရတော့တာဖြစ်ပြီး လက်ရှိအချိန်အထိ အကူအညီပေးခွင့်မရတာ ၁၅ လကျော် ကြာမြင့်နေ ပြီ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အစိုးရထိန်းချုပ်မှုပြင်ပဒေသတွေမှာ နေရပ်စွန့်ခွာတိမ်းရှောင်သူ လူဦးရေ ၄သောင်းခန့်ရှိတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အစိုးရထိန်းချုပ်မှုအောက်က ဒေသတွေမှာလည်း အစိုးရအနေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်ရွက်တာတွေ၊ သွားလာလှုပ်ရှားတာတွေနဲ့ စပ်လျဉ်းပြီး တင်းကြပ်တဲ့ ကန့်သတ်မှုအသစ်တွေကို ချမှတ်ဆောင်ရွက်နေတယ်လို့လည်း ပါရှိပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝန်ထမ်းတွေဟာ မြို့အပြင်ဘက်မှာရှိတဲ့ နေရပ်စွန့်ခွာတိမ်းရှောင်သူ စခန်းတွေသွားလာခွင့်ကို ဆက်လက်ခွင့်ပြုပေးတာမျိုး မရှိတော့ဘဲ၊ ခရီးသွားလာခွင့် ခွင့်ပြုချက်တောင်းခံရာမှာ လည်း အချိန်များစွာကြာမြင့်တဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြည်တွင်း အဖွဲအစည်းတွေအနေနဲ့ နေရာဒေသအများစုကို ဆက်ပြီး သွားလာနိုင်နေပေမယ့် အကူအညီပေးရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခက်အခဲကြုံနေရတယ်လို့ UNOCHA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။