နိုင်ငံတစ်ဝန်း လူ ခြောက်သိန်းကျော် ရေဘေးသင့်ကြောင်း UNOCHA ပြော
2024.09.17

မြန်မာနိုင်ငံတစ်ဝန်း မိုးကြီးရေလွှမ်းမိုးမှုမှာ ရေဘေးသင့်သူ ခြောက်သိန်းကျော် (၆၃၁,၀၀၀) ရှိနိုင်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၁၆ ရက် နေ့က ထုတ်ပြန်ပါတယ်။
ရာဂီမုန်တိုင်းအရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ် ကိုးခုမှာ ၅၉ မြို့နယ် ရေဘေးသင့်ခဲ့တယ်လို့လည်း ဆိုပါတယ်။
မန္တလေးတိုင်း ဆယ်မြို့နယ်မှာ လူ သုံးသိန်းကျော်၊ နေပြည်တော် လေးမြို့နယ်မှာ လူ ခြောက်သောင်းကျော် ရေဘေးသင့်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းမှာတော့ ၁၄ မြို့နယ်က လူ ၇၄,၀၀၀ ခန့် ရေဘေးသင့်ခဲ့ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့နယ်နှစ်ခုမှာ ရေဘေးသင့်သူ ၁၈,၀၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ကရင်ပြည်နယ် ငါးမြို့နယ်မှာ ရေဘေးသင့်သူ ကိုးသောင်းနီးပါးရှိခဲ့ပြီး ပဲခူးတိုင်း ခြောက်မြို့နယ်မှာ ရေဘေးသင့်သူ ၈၇,၀၀၀ ကျော်ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
ကယားပြည်နယ် လေးမြို့နယ်မှာတော့ လူ ကိုးထောင်ကျော်နဲ့ မွန်ပြည်နယ် နှစ်မြို့နယ်မှာ လူ ကိုးရာကျော် ရေဘေးသင့်ခဲ့တယ်လို့ ဆိုပါတယ်။
ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ လူရာနဲ့ချီသေဆုံးခဲ့ပြီး အများအပြားပျောက်ဆုံးနေဆဲဖြစ်တယ်လို့လည်း UNOCHA က ပြောပါတယ်။
စစ်ကောင်စီကတော့ ရေကြီးရေလျှံမှုဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ သေဆုံးသူ ၂၂၆ ဦးနဲ့ ပျောက်ဆုံးနေသူ ၇၇ ဦး ရှိကြောင်း စက်တင်ဘာ ၁၆ ရက်နေ့ညမှာ သတင်းထုတ်ပြန်ထားပါတယ်။