တက္ကသိုလ် ဆရာ ဆရာမများအသင်း ပေါ်ပေါက်လာပြီ
2012.08.10

ပထမအဆင့် အနေနဲ့ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်နဲ့ ဒဂုံတက္ကသိုလ် စတဲ့ တက္ကသိုလ် (၄) ခုက ဆရာ၊ ဆရာမတွေနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး များမကြာမီ နိုင်ငံတဝှမ်းလုံးက တက္ကသိုလ်တွေ အားလုံးနဲ့ ချိတ်ဆက်ပြီး တိုးချဲ့ ဖွဲ့စည်းသွားမယ် လို့ သိရပါတယ်။
ဒီအသင်း ဖွဲ့စည်းရတာဟာ တက္ကသိုလ် ဆရာ၊ ဆရာမတွေရဲ့ အခွင့်အရေးနဲ့ ပညာရေးလွတ်လပ်ခွင့် ရရှိရေး၊ ထူးချွန်တဲ့ ကျောင်းသူကျောင်းသားတွေ မွေးထုတ်ရေး စတဲ့အရေးကိစ္စတွေကို ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ အသင်းဖြစ်မြောက်ရေး ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန လက်ထောက်ကထိက ဒေါက်တာ ကျော်သန်းမိုးက RFA ကို ပြောပါတယ်။
"ဆရာ ဆရာမများရဲ့ အကျိုးစီးပွား၊ နောက်တစ်ခုက သူတို့ရဲ့ သာရေး နာရေး၊ နောက်တစ်ခုက ဘာတွေလာမလဲဆို ကျွန်တော်တို့ ပညာရေးပေါ့။ ပညာရေး လွတ်လပ်စွာ လုပ်ပိုင်ခွင့်၊ ပညာရေးမှာ ထိရောက်တဲ့ ပညာရေးပိုင်းကို ပွင့်လင်းဖို့အတွက်ကို ကျွန်တော်တို့ ဝိုင်းဝန်းကူညီဖို့ အတွက်ရယ်၊ နောက်တစ်ခုက ပညာရေးနဲ့ ပတ်သက်လို့ ပညာရေး မြင့်မားတိုးတက်လာဖို့ အတွက် ဝိုင်းဝန်းပြီးလုပ်ဖို့၊ နောက် ကျွန်တော်တို့ scholar တွေလွှတ်ဖို့တို့ ဒီအသင်းကြီးကနေပြီးတော့ အင်မတန် ထူးချွန်ပြောင်မြောက်တဲ့ ကလေးတွေ ထွက်ပေါ်လာဖို့ ဒီဟာတွေပါ ရည်ရွယ်တာပေါ့နော်"
ဒီကနေ့ခေတ် မြန်မာနိုင်ငံက တက္ကသိုလ် ဆရာ ဆရာမတွေဟာ လစာ အထူးနည်းပါးတဲ့အပြင် သာရေး နာရေး ကျန်းမာရေး အခြေခံ အခွင့်အရေး အထောက်အပံ့ မရရှိတဲ့အပြင် ပညာသင်ကြားရေး အပိုင်းမှာ လွတ်လပ်မှုမရှိဘဲ ဝန်ကြီးဌာနတွေရဲ့ ဝင်ရောက်စွက်ဖက်မှု ခံနေရတယ်လို့ အသင်းဖြစ်မြောက်ရေး ဦးဆောင်သူတွေက ပြောပါတယ်။
ဒီအသင်း ဖွဲ့စည်းရာမှာ ပါမောက္ခချုပ်တွေရဲ့ ခြိမ်းခြောက်မှုတွေ ရှိတဲ့အတွက် တက္ကသိုလ်ဆရာ ဆရာမတွေ အကြားမှာ အသင်းဝင်အဖြစ် ပါဝင်ဖို့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အသင်းဖြစ်မြောက်ရေး ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန လက်ထောက် ကထိက ဒေါက်တာ ကျော်သန်းမိုးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |