ယူနတီဂျာနယ် သတင်းထောက်တွေကို ထောင် ၃နှစ်စီ လျှော့ပေး


2014.10.02
unity-journal-305.jpg အတွဲ ၃၊ အမှတ် ၄ ယူနတီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လျှို့ဝှက်ဓါတုလက်နက်စက်ရုံပါသော မျက်နှာဖုံးပုံ
photo: Facebook

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေနဲ့ ထောင် ဒဏ် ၁၀ နှစ်စီ ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို မကွေးတိုင်းဒေသကြီး တရား လွှတ်တော်ရုံး က ထောင်ဒဏ် ၃နှစ်စီ လျှော့ချလိုက်ကြောင်း ဒီနေ့ အမိန့်ချမှတ်ခဲ့ပါတယ်။

ပြစ်ဒဏ်ကနေ လွတ်မြောက် ဖို့ နေပြည်တော် ပြည်ထောင်စုတရား လွှတ်တော်ချုပ် အထိ တင်သွင်းသွား မှာ ဖြစ်တယ်လို့ သတင်းထောက် ၄ ဦးရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရား လွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။

" ကျွန်တော်တို့ အယူခံတင်သွင်းတဲ့အခါမှာ တရားလိုဖြစ်တဲ့ ဒုတိယ ဗိုလ်မှူးကြီးကျော်ကျော်ဦးနဲ့ ဗိုလ်ကြီး ထက်ဝေအောင်တို့ရဲ့ ထွက်ဆိုချက်တွေအရ လျှို့ဝှက်ချက်ပေါက်ကြားထားတာ မရှိဘူး၊ ဓာတုလက်နက် ထုတ်လုပ်တာမရှိဘူး၊ ဓာတုလက်နက်ထုတ်လုပ်ဖို့လည်း စက်ရုံတည်ဆောက်နေတာ မဟုတ်ဘူးလို့ပြော ထားတော့ ဒီဥစ္စာက သတင်းမှားတဲ့အဆင့်သာဖြစ်တော့ လျှို့ဝှက်ချက်ပေါက်ကြားတဲ့ ပုဒ်မနဲ့ ဖြေလျော့ဖို့ မသင့်လျော်ဘူး၊ နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို လာမယ့် ၁၅ ရက်အတွင်းမှာ ပြစ်မှုှ ဆိုင်ရာ ပြင်ဆင်မှု လျှော့ရက်တင်သွင်းပြီးတော့ ပြစ်ဒဏ်လွတ်မြောက်ရေးအတွက် ဆက်လက်ဆောင်ရွက်မှာ "

ယူနတီဂျာနယ်က သတင်းထောက်တွေဖြစ်တဲ့ ကိုပိုင်သက်ကျော်၊ ကိုစည်သူ၊ ကိုသဲရာဇာ၊ ကိုလူမော်နိုင်နဲ့ ဂျာနယ်အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ အပတ်စဉ်ထုတ် ယူနတီဂျာနယ် မှာ "မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓါတု လက်နက်စက်ရုံ" ဆိုပြီး ဖေါ်ပြခဲ့တာကြောင့် နိုင်ငံတော် လျှို့ဝှက် ချက်ပေါက်ကြားမှုဥပဒေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ပခုက္ကူခရိုင်တရားရုံးမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရတာဖြစ်ပါတယ်။

ယူနတီသတင်းသမားတွေရဲ့ အယူခံကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ရက်နေ့က မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ တင်ခဲ့တာဖြစ်ပြီး သြဂုတ်လ ၂၈ ရက်နေ့မှာ အယူခံအပြီးသတ် လျှောက်လဲချက် တင်သွင်းခဲ့ကြတာဖြစ်ပါတယ်။

သတင်းထောက် ၄ ဦးကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ကူညီဆောင်ရွက်ပေးနေတာဖြစ်ပြီး အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းကို ရှေ့နေ ဦးကျော်လင်းက လိုက်ပါကူညီပေးနေတာဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။