ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို စစ်ဆေးပေးဖို့ ဆောင်းပါးရှင် တစ်ဦးနဲ့ ပြန်ဝန်ဟောင်းတို့ တိုင်ကြား
2019.02.19
ပြည်ထောင်စုရာထူးဝန်အဖွဲ့နဲ့ အစိုးရတို့က နိုင်ငံတကာအသိမှတ်မပြုတဲ့ ပြည်ပတက္ကသိုလ်၂ခုနဲ့ ချိတ်ဆက်ဆောင် ရွက်ခဲ့တဲ့အပေါ် ဥပဒေအရ စုံစမ်းစစ်ဆေးပေးဖို့အတွက် နိုင်ငံတော်သမ္မထံ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်နဲ့ ဆောင်းပါးရှင် ကိုနေယံဦး တို့က တိုင်ကြားခဲ့ပါတယ်။
အဲဒီတိုင်ကြားစာကို အခုလ ၁၈ ရက်နေ့က သမ္မရုံးထံ ပေးပို့ထားပြီး တိုင်ကြားစာမိတ္တူကို နိုင်ငံတော် အတိုင်ပင်ခံရုံးနဲ့ သက်ဆိုင်ရုံးတွေထံ ပေးပို့ထားတယ်လို့ သိရပါတယ်။
နိုင်ငံတကာအသိမှတ်မပြုတဲ့ ပြည်ပတက္ကသိုလ် နှစ်ခုနဲ့ ပူးပေါင်းပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့က သင်တန်းကျောင်း ဖွင့်ခဲ့ရာမှာ တာဝန်ရှိသူတွေဟာ အဂတိလိုက်စားမှုရှိ မရှိကို စုံစမ်းပေးဖို့နဲ့ ဥပဒေအရ အရေးယူဆောင်ရွက်ပေးဖို့ ပြန်ကြားရေးဝန်ကြီးဟောင်း နဲ့ ဆောင်ပါးရှင် ကိုနေယံဦး တို့က လက်မှတ်ရေးထိုးပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ဆောင်ပါးရှင် ကိုနေယံဦးဟာ "တက္ကသိုလ်အတု၊ မေးခွန်းထုတ်စရာ ဒေါက်တာအမည်နဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးကို လူမှုကွန်ရက်မှာ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပြီးနောက်မှာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ကပါ ကိုနေယံဦးကို “အားနာပါဦး “ အမည်နဲ့ ဝေဖန်ရေးသားခဲ့ပါတယ်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဟာ သက်ဆိုင်ရာနိုင်ငံတွေက အသိမှတ်ပြုတာမရှိတဲ့ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီကျွန်း အခြေစိုက် Akamai တက္ကသိုလ်နဲ့ မလေးရှားနိုင်ငံက EDS ပညာသင်ကျောင်းတွေနဲ့ ချိတ်ဆက်ပြီး အစိုးရဌာနဆိုင်ရာ အကြီးအကဲတွေကို ဘွဲ့လက်မှတ်သင်တန်းတွေ ပေးနေခဲ့တာဟာ ၂ဝ၁၇ ခုနှစ် နှစ်လယ်ခန့်က စတင်ပြီး သင်တန်းတွေ စတင်ပေးခဲ့တယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာတော့ ပြည်ထောင်စုရာထူးဝန်အဖွဲ့က နိုင်ငံတကာအသိမှတ်မပြုတဲ့ ပြည်ပတက္ကသိုလ် နှစ်ခုနဲ့ ပူးပေါင်းပြီး အစိုးရအရာရှိကြီးတွေကိုသင်တန်းပေးနေတာကို ရပ်ဆိုင်းခဲ့ပါတယ်လို့ သိရပါတယ်။
အဲဒီတိုင်ကြားစာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ၊ ဒုတိယအတွင်းဝန် ဦးမြင့်ဆွေက ဒါဟာ တိုင်ကြားသူတွေရဲ့ ထင်မြင်ယူဆချက်သာဖြစ်ကြောင်း RFA ကို ဒီနေ့ ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့လိုက်တာပါ။