ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ပတ်သက်ပြီး UNFC ကြေညာချက်ထုတ်
2016.12.13
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က တောင်းဆိုထားတဲ့ အချက် ၉ချက်ကို အစိုးရနဲ့ တပ်မတော်က လက်ခံမှ NCA လက်မှတ်ရေးထိုးမယ်ဆိုတဲ့ သဘောမျိုးမဟုတ်ဘဲ နှစ်ဘက်လက်ခံနိုင်မယ့် ဘုံသဘောတူညီချက်တွေရဖို့ ကြိုးစားနေခြင်းဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး ခူဦးရယ် က ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ က ဒီနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ UNFC အထွေထွေ အတွင်းရေးမှုး ခူဦးရယ် က ပြောတာဖြစ်ပါတယ်။
"သူ့ဘက် ကိုယ့်ဘက်တင်းခံနေတဲ့ သဘောတော့ မဟုတ်ပါဘူး၊ တပ်မတော်ဘက်ကလည်း လက်မခံနိုင် ဘူးလို့ တိုက်ရိုက်တစ်ချက်ထဲ ငြင်းလိုက်တယ်ဆိုတဲ့ သဘောမဟုတ်သလို ကျွန်တော်တို့ဘက်ကလည်း ဒါကိုရမှ မရရင် ရှေ့ဆက်မသွားနိုင်ဘူးလို့ သဘောကို ပြောလိုက်တာလည်း မဟုတ်ပါဘူး၊ နှစ်ဖက် စလုံးက လက်ခံနိုင်တဲ့အခြေအနေ အခင်းအကျင်းရောက်အောင် ညှိနှိုင်းဖို့ရှိပါတယ်၊ ဒါကတော့ အခြေခံပါပဲ"
NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၈ ဖွဲ့က အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ UNFC အဖွဲ့တို့ တွေ့ဆုံနိုင်ဖို့အတွက် ညှိနှိုင်းပေးမယ်လို့ ပြောထားတာနဲ့ ပတ်သက်ပြီး နှစ်ဘက်ဆက်သွယ်မှုတွေ ရှိနေတဲ့အတွက် ကြားဝင်ဖို့ မလိုအပ်ကြောင်းနဲ့ ဒီဇင်ဘာလထဲမှာ တွေ့ဆုံဖို့ ကြိုးစားပေမယ့် အချိန်ညှိနှိုင်းလို့မရတဲ့ အတွက် မတွေ့ဆုံနိုင်သေးတာဖြစ်ကြောင်း ခူဦးရယ် က ပြောပါတယ်။
ဒါ့အပြင် NCA စာချုပ်ဆိုတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်တဲ့အတွက် အားနည်းချက်တွေ ကို ဖယ်ရှားပြီး ပိုကောင်းအောင် ပြင်ဆင်မှုတွေ လုပ်သင့်တယ်လို့ ခူဦးရယ် က ပြောပါတယ်။
အလားတူ NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့ လမ်းကြောင်းပိတ်ထားတဲ့ သဘောမျိုးမဟုတ်ဘဲ တနည်းနည်းနဲ့ ပါဝင်ပတ်သက်ခွင့်ပြုသင့်ပြီး လက်ရှိ မြေပြင် မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အစိုးရတပ်မတော် ခေါင်းဆောင်ပိုင်းနဲ့ UNFC အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။
NLD ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ အတိုက်အခံအဖြစ် ရပ်တည်နေခဲ့တဲ့ကာလတွေမှာ ရိုင်းပင်းကူညီပံ့ပိုးပေး ခဲ့သူတွေနဲ့ ရွေးကောက်ပွဲမှာ ထောက်ခံမဲပေးခဲ့ကြတဲ့ တိုင်းရင်းသား ပြည်သူတွေကို မျက်ကွယ်မပြုဖို့လိုကြောင်း လည်း UNFC အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ တန်ပြန်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာတဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အစိုးရအဖွဲ့ နဲ့ တပ်မတော်က ပြစ်တင်ရှုတ်ချပြီး တပ်မတော်ကို ချီးမွမ်းထောပနာပြုတဲ့ သတင်းတွေကို ထုတ်ပြန်နေ တာဟာ တစ်ဖက်သတ်အမြင်နဲ့ ပြဿနာကို တုန့်ပြန်နေတယ်လို့ တွေ့မြင်ရကြောင်းလည်း ပါရှိပါတယ်။
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ကို ရှမ်းပြည်နယ်လွှတ်တော်မှာ အကြမ်းဖက်အဖွဲ့အစည်းတွေ အဖြစ် သတ်မှတ်ဖို့ လုပ်ဆောင်ခဲ့တာဟာ NLD အစိုးရ ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေခြင်းဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။