၇ ဖွဲ့နဲ့ရေးထိုးမယ့် NCA ကြောင့် ပြည်တွင်းစစ် မရပ်စဲနိုင်ဘူးလို့ UNFC ပြော
2015.10.03

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးရေးမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အားလုံးပါဝင်ခြင်းမရှိတာဟာ စာချုပ်ပြီးပြည့်စုံမှုမရှိဘူးလို့ UNFC လို့ခေါ်တဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီက သဘောထားကြေညာချက်တစ်စောင် ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ရေးစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ပြီး ၁၁ ဖွဲ့ကတော့ အားလုံးပါဝင်မှ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အခုလိုအားလုံးပါဝင်မှု မရှိတာကြောင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ပြည့်စုံခြင်းမရှိတဲ့အပြင် ပြည်တွင်းစစ်လည်း မရပ်စဲနိုင်ဘူးလို့ UNFC အဖွဲ့ ဒုတိယဥက္ကဌ ဦးနိုင်ဟံသာက ပြောပါတယ်။
"တိုင်းရင်းသား အဖွဲ့အစည်းအားလုံးပေါ့ဗျာနော်၊ လက်နက်ကိုင်တဲ့အဖွဲ့အစည်း အားလုံးပါဝင် ပြီးတော့မှ အပစ်အခတ်ရပ်စဲရေးစာချုပ်ကိုချုပ်မယ်၊ အဲ့ဒါပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းမှာပေါ့လေ အဲ့လိုရည်ရွယ်ချက်ရှိပါတယ်၊ အခုလက်ရှိဖြစ်သွားတဲ့ပုံစံကတော့ ဒါကပြတ်သလောက်နဲ့ နှုတ်လိုက်တယ်ဆိုတဲ့ သဘောပေါ့နော်၊ အဲ့ဒါကတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဟာ မပီပြင်တော့ဘူး၊ တချို့အဖွဲ့ကိုလည်း ချန်ထားတယ်ဆိုတဲ့ အနေအထားမျိုးမှာကတော့ ကျနော်တို့နိုင်ငံ တကယ်ပြည်တွင်းစစ်ရပ်စဲ ပြီးတော့ပေါ့လေ အေးချမ်းမယ်ဆိုတဲ့ အနေအထားမျိုးကိုတော့ ရောက်ဖို့ရန်မသေချာဘူး"
NCA လက်မှတ်ရေးထိုးပြီးနောက် ဆက်လက်ပြုလုပ်မယ့် အစည်းအဝေးတွေမှာ လက်မှတ်ရေးထိုးခြင်းမရှိတဲ့ အဖွဲ့တွေကိုပါ တက်ရောက်ခွင့်ပေးမှာဖြစ်ပေမယ့် ဆွေးနွေးခွင့်တော့ မပြုဘူးလို့ ဆိုပါတယ်။ ဒီအခြေအနေတွေအရ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိတဲ့ အဖွဲ့တွေထဲက အစည်းအဝေးကို မတက်ရောက်တာတွေလည်း ဖြစ်နိုင်တယ်လို့ ဦးနိုင်ဟံသာက ပြောပါတယ်။
UNFC ရဲ့ ကြေညာချက်မှာ NCA စာချုပ်ပါ သဘောတူညီချက်တွေအရ လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးရေး မူဘောင်ရေးဆွဲတာ၊ နှစ်ဘက်တပ်တွေလိုက်နာရမယ့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအပါအဝင် ဆွေးနွေးပွဲတွေမှာ အားလုံးပါဝင်မှသာလျှင် အဓိပ္ပါယ်ပြည့်ဝမှာဖြစ်တယ်လို့ ဆိုပါတယ်။
UNFC အဖွဲ့ဒုတိယဥက္ကဌ ဦးနိုင်ဟံသာကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။