အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရေး UNFC ဆွေးနွေးမည်


2018.01.02
unfc-622.jpg UNFC ရဲ့ ဒုတိယအကြိမ် ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ဝ၁၇ ခုနှစ် ဇွန်လ ၂ဝ ရက်နေ့က စတင်ကျင်းပစဉ်
Photo: Aung Moe Myint/ RFA

NCA မှာ လက်မှတ်ရေးထိုးဖို့အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ထိပ်သီးအစည်းအဝေးကို ဒီအပတ်ထဲမှာ ကျင်းပဖို့ လျာထားတယ်လို့ UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းဇော် က ဒီနေ့ ပြောပါတယ်။

UNFC ရဲ့ အဆိုပြုချက် ၉ ချက်ကို လက်ရှိအချိန်ထိ ကိုင်စွဲထားဆဲဖြစ်ပြီး အစိုးရနဲ့ အချက်အားလုံး သဘော တူညီနိုင်အောင် နည်းလမ်းရှာကြံဖို့ဖြစ်ကြောင်း ဦးထွန်းဇော် က ပြောပါတယ်။

"အစည်းအဝေးကတော့  ဒီလ ပထမအပတ်ထဲမှာ လျာထားတယ်ဗျ၊ ရက်အတိအကျ ပြောလို့မရသေးပါဘူး၊  ကျနော်တို့ခေါင်းဆောင်တွေ ခရီးလွန်နေကြတုန်းပါ၊ အဆိုပြုထားတဲ့ ၉ ချက်မှာ နောက်ဆုံး တစ်ဆို့နေတဲ့ အချက်တွေကို နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဖို့နည်းလမ်းရှာဖို့ အဆိုပြုထားပါတယ်။ အစိုးရဘက်က  အဲဒါကိုလက်ခံမလားပေါ့နော်၊ လက်ခံတယ်ဆိုရင် နည်းလမ်းရှာသွားဖို့ဖြစ်တယ်၊  အဲဒီအတွက် တွေ့ဆုံနိုင်ဖို့ နည်းလမ်းရှာသွားမှာဖြစ်ပါတယ်"

အဲဒီအစည်းအဝေးမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၀ ရက်နေ့က UNFC အဖွဲ့ဝင် KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီက တပ်သား ၃ ဦးနဲ့ အရပ်သားတစ်ဦးတို့ကို တပ်မတော်က သတ်ဖြတ်ခဲ့တဲ့ကိစ္စကိုလည်း အဓိကထား ဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။

အဲဒီကိစ္စအတွက် KNPP ခေါင်းဆောင်တွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က လွိုင်ကော်မြို့ ငြိမ်းချမ်းရေးစကားဝိုင်းခရီးစဉ်အတွင်း တွေ့ဆုံခွင့်တောင်းခံခဲ့ရာမှာ မအောင်မြင်ခဲ့ တာဟာလည်း ပြေလည်စေနိုင်မယ့် အခွင့်အလမ်းတစ်ရပ် ဆုံးရှုံးမှုဖြစ်တယ်လို့ မြင်မိကြောင်း ဦးထွန်းဇော် က ပြောပါတယ်။

KNPP အနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ခုလိုဖြစ်ရပ်ကြောင့် ယုံကြည်မှုအား လျော့သွားတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း နှောင့်နှေးသွားနိုင်တယ်လို့ ဒီဇင်ဘာလ ၃၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ KNPP ခေါင်းဆောင်တွေက ပြောထားပါတယ်။

UNFC အဖွဲ့ဝင်ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP က NCA မှာ လက်မှတ်ထိုးမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ အရေးပေါ်အစည်းအဝေးမှာ ဆုံးဖြတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။