တိုင်းပြည်ခေတ်နောက်ကျ တာ ပြည်တွင်းစစ်ကြောင့်လို့ UNFC ပြော
2013.11.24
မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်မှု နောက်ကျနေရတာဟာ နှစ်ပေါင်း ၆ဝ ကျော်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် ဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်တွေက ပြောပါတယ်။
ရန်ကုန်မြို့ကိုရောက်ရှိနေတဲ့ NMSP မွန်ပြည်သစ်ပါတီက ဦးနိုင်ဟံသာ၊ KNU ကရင်အမျိုးသား အစည်းအရုံးက ပဒိုဒေးဗစ်သာကပေါနဲ့ KNPP ကရင်နီ အမျိုးသားတိုးတက်ရေးပါတီက ဦး ခူးလ်အေဘယ်တွိတို့ ဦးဆောင် တဲ့ UNFC ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့မနက်ပိုင်းက ရန်ကုန် မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ တွေ့ဆုံခဲ့ပြီး၊ နေ့လည်ပိုင်းမှာ အရပ်ဘက်လူမှုအဖွဲ့စည်းတွေနဲ့ မနေ့မနက်က တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံအပြီး UNFC ခေါင်းဆောင်တွေက အင်းလျားလိတ်ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာမှာ UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ရန်ကုန်ခရီးစဉ်နဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။
"ကျနော်တို့ ရန်ကုန်ကိုရောက်လာတော့ မိုးချုပ်နေပြီ၊ ကြည့်လိုက်တာ မှောင်နေတာပဲ၊ ဒီနေ့ မြို့ထဲမှာ နည်းနည်းလျှောက်သွားနေတာ အိမ်အိုအိမ်ဟောင်းတွေ တော်တော်လေးကို သူများနိုင်ငံနဲ့စာရင် သံဝေဂရစရာပါပဲ၊ အဲဒီလို နှစ်ပေါင်း ၆၅ နှစ်လုံးလုံး တိုက်ပွဲဖြစ်နေလို့ အဲလိုကျနော်တို့နိုင်ငံ ဖြစ်နေရတာ"
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ရဲ့ ဥက္ကဌ၊ UNFC ဒုတိယ ဥက္ကဌဖြစ်သူ ဦးခူးလ်အေဘယ်တွီကလည်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတာဟာ ပြည်တွင်းစစ်နဲ့ ဆက်စပ်နေတဲ့ အတွက် ပြည်တွင်းစစ် အမြန်ဆုံးရပ်စဲဖို့လိုတယ်လို့ ဆိုပါတယ်။
အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခဲ့ကြပေမယ့် ပစ်ခတ်သံတွေ ဆက်ကြားနေရတာကြောင့် အခု တိုင်းရင်းသားတွေဘက်က ရေးဆွဲထားတဲ့ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက် ၁၁ ချက်မှာ အစိုးရဘက်က သမ္မတ၊ ဒုသမ္မတ၊ လွှတ်တော်နှစ်ရပ်ရဲ့ ဥက္ကဋ္ဌတွေ၊ တရားသူကြီးချုပ်တွေအပြင်၊ စစ်တပ်ဘက်က ကာကွယ်ရေးဦးစီးချုပ်ပါ ပါဝင်လက်မှတ်ရေးထိုးဖို့ဆိုတဲ့အချက်တွေ ထည့်သွင်းထားကြောင်း၊ ဦးနိုင်ဟံသာက ပြောပါတယ်။ ဒါ့ပြင် အစိုးရဘက်က တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးဖို့၊ နီးကပ်နေတဲ့တပ်တွေ၊ ရောနှောနေတဲ့တပ်တွေ နေရာချတာ၊ တပ်တွေလှုပ်ရှားရမယ့်ခွင်တွေ သတ်မှတ်ပေးတာ၊ စစ်ဘက်ဆိုင်ရာ စည်းကမ်းတွေကို နှစ်ဖက်လုံးက လိုက်နာအောင် ဖန်တီးပေးတာ၊ အပစ်ရပ်စဲရေးကိစ္စ စောင့်ကြည့်ရေးအဖွဲ့တွေဖွဲ့စည်းတာ စတာတွေဆောင်ရွက်ဖို့လည်း တောင်းဆိုထားပါတယ်။
တိုင်းရင်းသားတွေရဲ့ အချက် ၁၁ ချက်ပါ အဆိုပြုချက်နဲ့ အစိုးရဘက်က ရေးဆွဲထားတဲ့ အခန်း ၁၄ ခန်းပါ အဆိုပြု ချက်တွေကို လာမယ့် ဒီဇင်ဘာလ ကရင်ပြည်နယ်မှာကျင်းပမယ့် အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ်ဆွေးနွေးပွဲမှာ ဆက်လက်ညှိနှိုင်းဆွေးနွေးကြမှာဖြစ်ပါတယ်။
UNFC ခေါင်းဆောင်တွေရဲ့ ရန်ကုန်ခရီးစဉ်မှာ ရက်အကန့်သတ်ရှိတာကြောင့် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ်စတဲ့ ပုဂ္ဂိုလ်တွေနဲ့ မတွေ့ဆုံနိုင်ပေမယ့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့တွေ့ဆုံဖို့ရှိသလို၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အပါအဝင် နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။