မြန်မာနိုင်ငံသား ၂ ဦး အတွက် ထိုင်းအစိုးရကို တောင်းဆိုနေကြ


2015.12.26
koh-tao-sentence-620.jpg ခိုထောင်းကျွန်း လူသတ်မှုနဲ့ သေဒဏ်ချခံရတဲ့ ကိုဇော်လင်းရဲ့မိခင်(အလယ်)ကို ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို ဗြိတိန်နိုင်ငံသားနှစ်ယောက် အသတ်ခံရမှုနဲ့ စွပ်စွဲပြီး ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက သေဒဏ် အမိန့်ချလိုက်တာကို ပြန်လည်စဉ်းစားသုံးသပ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးတပ်ပေါင်းစုဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ကထိုင်းအစိုးရကို မနေ့က ဒီဇင်ဘာလ ၂၆ ရက်နေ့စွဲနဲ့ မေတ္တာရပ်ခံ စာတစ်စောင်ပေးပို့လိုက်ပါတယ်။ အဲဒီစာထဲမှာ ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ဘုံအကျိုးစီးပွားအပေါ် အသိအမှတ်ပြုလို့ပဲဖြစ်ဖြစ်၊ အကျဉ်းကျခံရသူတွေရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အပေါ်ရရှိ ခံစားနိုင်တဲ့အခွင့်အရေးအရပဲဖြစ်ဖြစ် ဒီစီရင်ချက်ကို ဥပဒေကြောင်းအရပြန်သုံးသပ်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။

ဒီကာလအတွင်း ထိုင်းနိုင်ငံသားတွေ မြန်မာနိုင်ငံကို သွားလာလည်ပတ်တာတွေ ရွှေ့ဆိုင်းထားဖို့ ထိုင်းအစိုးရက တိုက်တွန်းနှိုးဆော်ထားကြောင်း ဒီနေ့ထုတ် နေရှင်းသတင်းစာမှာဖေါ်ပြထားပါတယ်။

မွန်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကန်ချနဘူရီခရိုင်က ဆန်ခလဘူရီမြို့မှာ ဒေသခံအာဏာပိုင်တွေက မြန်မာနိုင်ငံထဲရောက်နေတဲ့ ထိုင်းနိုင်ငံ သားတွေပြန်လာကြဖို့ဆော်သြနေသလို၊ အလည်ပတ် ခရီးစဉ်တွေဆိုင်းငံ့ထားဖို့အကြံပြုထားပါတယ်။

သေဒဏ်အမိန့်ချမှတ်ခံလိုက်ရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့နှစ်ယောက်ကိုလဲ ကော့စမွေ အကျဉ်းထောင်ကနေ နခွန်စီထမာရတ်အကျဉ်းထောင်ကို လုံခြုံရေး တင်းတင်းကြပ်ကြပ်နဲ့ မနေ့မနက်က ပြောင်းရွှေ့လိုက်ပါတယ်။ နှစ်ကြီးချမှတ်ခံရ တဲ့အကျဉ်းသားတွေကို ကော့စမွေထောင်မှာထားခွင့်မရှိတဲ့ အတွက် ထောင်ပြောင်းလိုက်တာလို့သိရပါတယ်။

ဒီအတောအတွင်းမှာပဲ ထိုင်းစာနယ်ဇင်းအသင်း TJA ကလဲ ဒီပြစ်ဒဏ်စီရင်မှုမှာ မြန်မာစာနယ်ဇင်း အသင်း MJA နဲ့အတူသဘောထားတူညီတဲ့ အကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။ အဲဒီစာထဲမှာ မိမိတို့တာဝန်ဟာ အမှန်တရားနဲ့ တရားမျှတရေးဖေါ်ထုတ်ဖို့ဖြစ်တယ် လို့ ရေးသားထားပါတယ်။

အထူးသဖြင့် ကော့တောင်းကျွန်းကအခုအမှုလို ဒွိဟဖြစ်ပြီးရှုပ်ထွေးလွန်းတဲ့အမှုနဲ့ ပတ်သက်လို့ တရားမျှတမှုနဲ့အမှန်တရားပေါ်ပေါက်ရေးဟာ အထူးအရေးကြီး တဲ့ အကြောင်းနဲ့ ထိုင်းမီဒီယာတွေကဒီအမှုစုံစမ်းဖေါ်ထုတ်ရေးမှာ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်လို့လဲ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။