ပျူမြို့ဟောင်းသုံးမြို့ကို UNESCO ပညာရှင်များ လာစစ်ဆေးမည်


2014.01.13
pyu-305.jpg ပျူမြို့ဟောင်းတစ်ခုဖြစ်တဲ့ ဟန်လင်းဒေသရှိ တူးဖော်ပြီး မြို့ရိုးလက်တံတစ်ခုကို တွေ့ရစဉ်
phto: sriksetraheritagezone

ပျူမြို့ဟောင်းသုံးမြို့ကို ကုလသမဂ္ဂ UNESCO ရဲ့ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ အသိအမှတ်ပြုနိုင်ဖို့အတွက် ICOMOS (International Council on Monuments and sites)  နိုင်ငံတကာ ရှေးဟောင်းအဆောက်အဦးနဲ့ နေရာများ စစ်ဆေးမှုအဖွဲ့က လာမယ့် ဇန်နဝါရီလ ၂၂ ရက်နေ့ မှာ နောက်ဆုံးအဆင့်အဖြစ် လာရောက်စစ်ဆေးမယ် လို့ သိရပါတယ်။

ICOMOS အဖွဲ့က တာဝန်ရှိသူတွေအနေ နဲ့  မြန်မာနိုင်ငံက ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်း ဖို့ လျှောက်ထားတဲ့ ပျူမြို့ဟောင်းသုံးမြို့ ထဲက ရွှေဘိုခရိုင် ဝက်လက်မြို့နယ်မှာရှိတဲ့ ဟန်လင်းမြို့ဟောင်းကို လာရောက်စစ်ဆေး မှာ ဖြစ်ပါတယ်။

“ICOMOS ပေါ့၊ နိုင်ငံတကာ ရှေးဟောင်းအဆောက်အအုံနဲ့ အထိမ်းအမှတ်နေရာတွေကို ထိန်းသိမ်းဖို့ စစ်ဆေးရေးအဖွဲ့ပေါ့၊ အခုဇန်နဝါရီလ ၂၂ ရက်နေ့ကနေစပြီးတော့ ၂၅ အထိပေါ့လေ၊ ဝက်လက်မြို့နယ်မှာရှိတဲ့ ဟန်လင်းမြို့ဟောင်းကို ဒုတိယအကြိမ်လာစစ်မယ်၊ လာစစ်ပြီးရင်တော့ သူတို့ ၃၈ ကြိမ်မြောက် world heritage ကော်မတီရဲ့ ညီလာခံ ကာတာနိုင်ငံမှာ ကျင်းပမယ်၊ အဲဒီမှာ မြန်မာနိုင်ငံကို အတည်ပြုမှာပေါ့”

ICOMOS အဖွ့ဲဟာ ပြီးခဲ့တဲ့အောက်တိုဘာလကလည်း ရှေးဟောင်းအမွေနှစ်စာရင်း တင်သွင်းဖို့လျာထားတဲ့ ပျူမြို့ဟောင်းနှစ်မြို့ဖြစ်တဲ့ ပြည်မြို့အနီးက သရေခေတ္တရာမြို့ဟောင်းနဲ့ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် အတွင်းက ဗိသနိုးမြို့ဟောင်းတွေကိုလည်း လာရောက်စစ်ဆေးခဲ့ပါတယ်။

ဒီစစ်ဆေးမှုက ရရှိလာတဲ့ တွေ့ရှိချက်တွေကို UNESCO လက်အောက်မှာရှိတဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးကော်မတီကို တင်ပြမှာဖြစ်ပြီး လာမယ့်ဇွန်လအတွင်း ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပမယ့် UNESCO ရဲ့ ထိပ်သီးအစည်းအဝေးမှာ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေနှစ်စာရင်းထဲ ထည့်သွင်းဖို့ ဆုံးဖြတ်ကြမယ်လို့ပျူမြို့ဟောင်းတွေကို ကမ္ဘာ့အမွေနှစ်စာရင်းဝင်ရေး အဆိုပြုလွှာလျှောက်ထားမှု ကော်မတီ ဥက္ကဌ ဦးစန်းဝင်းက  ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။