မြစ်ရေကြီးတာကြောင့် မြို့ ၁၂ ခုမှာ ရေဘေးကြုံတွေ့

2024.07.28
မြစ်ရေကြီးတာကြောင့် မြို့ ၁၂ ခုမှာ ရေဘေးကြုံတွေ့ ပဲခူးမြို့အတွင်း ရေဘေးကြုံတွေ့နေရသည့် ရပ်ကွက်တစ်ခုကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့က တွေ့ရစဉ်။
MYANMAR MILITARY

မြန်မာနိုင်ငံအနှံ့ မြို့ပေါင်း ၁၂ ခုမှာ မြစ်ရေတက်နေပြီး ရေဘေးကြုံတွေ့နေရကြောင်း စစ်ကောင်စီ မိုးလေသဝဌာနနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင် ၂၈ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

ဧရာဝတီမြစ်ရေဟာ ဇလွန်၊ ဟင်္သာတနဲ့ ဆိပ်သာမြို့တွေမှာ စိုးရိမ်ရေအမှတ်အထက်ကို ရောက်ရှိနေပြီး စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ စိုးရိမ်ရေအမှတ်အထက်ကို ရောက်နေပါတယ်။

အလားတူ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်း၊ သာပေါင်းနဲ့ ပုသိမ်မြို့တွေမှာ စိုးရိမ်ရေအမှတ်အထက်ကို ရောက်နေပြီး ပဲခူးမြစ်ရေဟာလည်း ပဲခူးမြို့မှာ စိုးရိမ်ရေအမှတ်အထက်ကို ရောက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့ရဲ့ စိုးရိမ်ရေအမှတ်အထက်ကိုရောက်နေပြီး ဘီးလင်းမြစ်ရေဟာလည်း ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေအမှတ် အထက်မှာရှိနေပါတယ်။

သံလွင်မြစ်ရေဟာလည်း ဘာအံမြို့မှာ စိုးရိမ်ရေအမှတ်အထက်မှာရှိနေပြီး သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက်ကို ရောက်နေတာဖြစ်ပါတယ်။

မြဝတီမြို့ရေဘေးမှာ ကလေးတစ်ဦးအပါအဝင် ဒေသခံသုံးဦးသေဆုံးခဲ့ကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

ရေဘေးကြုံနေတဲ့ဒေသတွေထဲက မြို့ ၁၁ ခုမှာနောက် တစ်ရက်အတွင်း မြစ်ရေဟာ အဲဒီမြို့တွေရဲ့ စိုးရိမ်ရေအမှတ်အထက်မှာ ဆက်ရှိနေနိုင်တယ်လို့လည်း မိုးလေသဝဌာနနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပြောထားပါတယ်။ ဆိပ်သာမြို့မှာတော့ နောက်နှစ်ရက်အတွင်း မြစ်ရေဟာ စိုးရိမ်ရေအမှတ် အောက်ကို ပြန်ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။