မြ၀တီမြို့ ရေကြီးမှု ကလေးတစ်ဦး အပါဝင် သုံးဦး သေဆုံး

RFA Burmese
2024.07.28
မြ၀တီမြို့ ရေကြီးမှု ကလေးတစ်ဦး အပါဝင် သုံးဦး သေဆုံး မြ၀တီမြို့မှာ သောင်ရင်းမြစ် ရေကြီးရေလျှံမှုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ နေ့က တွေ့ရစဉ်။
အလင်းသစ် လူမှုကူညီရေးအသင်း ဓာတ်ပုံ

ကရင်ပြည်နယ် မြ၀တီမြို့မှာ သောင်ရင်းမြစ် ရေကြီးရေလျှံမှုကြောင့် ကလေးတစ်ဦး အပါအဝင် မြို့ခံသုံးဦး ဇူလိုင်လ ၂၇ ရက်နေ့က ရေနစ်သေဆုံးခဲ့တယ်လို့ မြ၀တီမြို့ခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

မြ၀တီမြို့ အမှတ် (၅) ရပ်ကွက် မြေနိမ့်ပိုင်း အောက်ချိုင့်လို့ခေါ်တဲ့ သောင်ရင်းမြစ်ကမ်းဘေးမှာ နေထိုင်တဲ့ အသက် သုံးနှစ်အရွယ် ကလေးတစ်ဦး၊ အမှတ် (၁) ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ငါးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ရေနစ်သေဆုံးပြီး မျောလာတဲ့ ကလေးရဲ့ ရုပ်အလောင်းကို မြ၀တီမြို့ ရဲ့ ရပ်ကွက်တစ်ခုမှာ ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်းက ပြန်လည်ဆယ်ယူနိုင်ခဲ့တယ်လို့ အလင်းသစ် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“မိဘတွေက ရေကျသွားလို့ သန့်ရှင်းရေး လုပ်နေချိန် ကလေးကို ဖုန်းပေးဆော့ထားရင်းနဲ့ သတိလက်လွတ် ဖြစ်သွားတာ။ ကလေးက ရေထဲကို ဆင်းဆော့ချိန် ရေစီးနဲ့ မျောပါသွားတာ။ မျောပါသွားပြီး အခြားရပ်ကွက်တစ်ခုမှာ သွားတွေ့တာ။ တွေ့လို့ ဆယ်တဲ့အချိန် ကလေးက အသက်မရှိတော့ဘူး။ နောက်တစ်ဦးက အိမ်ခြေမဲ့ အဘိုးတစ်ဦး။ သူက သိပ်ပြီး လမ်းမလျှောက်နိုင်ဘူး။ အဲဒီအဘိုးတစ်ဦး ရေနစ်သေဆုံးတယ်။ နောက်တစ်ဦးက အမှတ် (၁) ရပ်ကွက်က အမျိုးသားတစ်ဦး သေဆုံးတယ်”

သောင်ရင်းမြစ်ရေဟာ ဇူလိုင်လ (၂၅) ရက်နေ့ညကတည်းက မြင့်တက်လာခဲ့တာဖြစ်ပြီး ဇူလိုင်လ ၂၇ ရက်နေ့မှာတော့ ရေပြန်ကျလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ သောင်းရင်းမြစ်ရေဟာ မြ၀တီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်တယ်လို့ ဖော်ပြထာားပါတယ်။

လက်ရှိမှာတော့ ကယ်ဆယ်ရေးစခန်းတွေကို မြ၀တီမြို့ပေါ်မှာရှိတဲ့ ကိုးနဝင်းကျောင်း၊ တောရကျောင်း၊ ရွှေမင်းဝံ ဘုရားဝင်း နေရာတွေမှာ ဖွင့်လှစ်ပေးထားပြီး ရေဘေးသင့်သူ သုံးထောင်နီးပါးကို ပြောင်းရွှေ့ပေးထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇူလိုင်လဆန်းပိုင်းကစပြီး နိုင်ငံတစ်ဝန်း ရေကြီးနေတာကြောင့် လူပေါင်း သောင်းနဲ့ချီ ရေဘေးဒုက္ခကြုံခဲ့ရပြီး သီးနှံစိုက်ခင်းတွေ ရေမြုပ်တာ၊ နေအိမ်တွေ ရေထဲမျောပါ ပျက်စီးတာနဲ့ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။