အငှားယာဉ်မောင်း ဦးနေဝင်းရဲ့ ဈာပနကို တိုင်းအစိုးရအဖွဲ့ အစီအစဉ်နဲ့ ပြုလုပ်မည်


2017.01.30
konaywin-620.jpg သေနတ်ထိမှန်သေဆုံးခဲ့တဲ့ အငှားယာဉ်မောင်း ဦးနေဝင်းကို တွေ့ရစဉ်
Photo: Facebook

တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို သေနတ်နဲ့ အနီးကပ်လုပ်ကြံခဲ့သူကို ကူညီဖမ်းဆီးပေးသူတွေထဲက သေနတ် ထိမှန်သေဆုံးခဲ့တဲ့ အငှားယာဉ်မောင်း ဦးနေဝင်းရဲ့ ဈာပနကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ မနက်ဖြန် ရေဝေးသုဿန်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

မနက်ဖြန် နေ့လည်တစ်နာရီ ရေဝေးသုသာန်မှာ သဂြိုဟ်မှာဖြစ်ပြီး ဗမာထုံးတမ်းအစဉ်အလာအရပဲ သဂြိုဟ်မယ်လို့ ဦးနေဝင်းဇနီးဖြစ်သူ မစုသက်ခိုင် က ပြောပါတယ်။

"မနက်ဖြန် ၁ နာရီမှာပါ ဗမာထုံးတမ်းအစဉ်အလာအရပဲ သဂြိုဟ်မှာပါ၊ ဒီဘက်က အကုန်လုံးဆောင် ရွက်ပေးပါတယ်။ ဂုဏ်ယူတဲ့စိတ်က နောက်မှပါ လောလောဆယ် ကိုယ့်လင်ကိုယ့်သားလေ ဘာနဲ့မှပြန်ပြီး အစားထိုးလို့မရတဲ့ဟာပါ။ ဒါပေမဲ့ ဂုဏ်ယူရအောင်ဆိုပြီး သူဒီလိုမျိုးလုပ်ခဲ့တာမဟုတ်ပါဘူး။ သူရဲ့ စိတ်ဓါတ်ကိုက မနေတတ်တဲ့ စိတ်ဓါတ်ကြောင့်ပါ"

ရှေ့နေ ဦးကိုနီကို သေနတ်နဲ့ လုပ်ကြံခဲ့သူကို ကူညီဖမ်းဆီးပေးသူတွေထဲမှာ လေဆိပ်က အငှားယာဉ်မောင်းတွေ ဦးနေဝင်းလည်း အပါအဝင်ဖြစ်ပြီး သူဟာ လုပ်ကြံသူကို အုတ်နီခဲနဲ့ ပစ်ပေါက်ခဲ့ရာ လုပ်ကြံသူက သေနတ် နဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ဆီးအိမ်ကို ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

အသက် ၄၈ နှစ်အရွယ် ဦးနေဝင်းဟာ တရုတ်လူမျိုးဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အငှား ယာဉ်မောင်း လုပ်ကိုင်နေတာ ၁၀ နှစ် နီးပါးရှိပြီဖြစ်ပါတယ်။

သေဆုံးသူဦးနေဝင်းမှာ ဇနီးသည်နဲ့ အသက် ၇ နှစ်၊ ၄ နှစ်နဲ့ ၄၅ ရက်သားအရွယ် ကလေး ၃ ဦးကျန်ရှိခဲ့ပြီး ဦးနေဝင်း ရဲ့ ကျန်ရစ်သူမိသားစုဝင်တွေအတွက် ပုဂ္ဂလိကကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီနဲ့ အဖွဲအစည်းတွေက အလှူငွေတွေ ထည့်ဝင်လှူဒါန်းနေကြပါတယ်။

ဦးနေဝင်း ကလေး ၃ ဦးရဲ့ ပညာရေးကို ထောက်ပံ့ဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ရန်ပုံငွေတစ်ခု တည်ထောင်ပြီး တစ်ဦးချင်း အလှူရှင်တွေဖြစ်စေ အဖွဲ့အစည်းအလိုက်ဖြစ်စေ ငွေကြေးထည့်ဝင် လှူဒါန်းနိုင်ကြောင်း ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။