သစ်တောပြုန်းတီးမှုကနေဖြစ်တဲ့ ကာဗွန်ထုတ်လွှတ်မှုလျှော့ချ ဖို့ နော်ဝေကူညီ


2017.01.27
un-redd-620.jpg N - REDD အစီအစဉ် စတင်မိတ်ဆက်ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပစဉ် )
Photo: Win Naung Toe/RFA

မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှုနဲ့ သစ်တောအတန်းအစား ကျဆင်းမှုတို့ကနေ ဖြစ်ပေါ်လာတဲ့ ကာဗွန် ထုတ်လွှတ်မှုတွေကို လျှော့ချဖို့အတွက် နော်ဝေနိုင်ငံရဲ့ ကူညီထောက်ပံ့မှု အမေရိကန်ဒေါ်လာ ၅.၅ သန်းကျော်နဲ့ စတင်လုပ်ဆောင်သွားမယ်လို့ အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီကနေ့ မနက်ကပြုလုပ်တဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ သစ်တောတွေကို ကာကွယ်ဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် တစ်ကမ္ဘာလုံးက ကြိုးပမ်းအားထုတ်မှုတွေမှာ ပါဝင်ကူညီဖို့အတွက် အမျိုးသားအဆင့် UN- REDD အစီအစဉ် စတင်မိတ်ဆက်ခြင်း အခမ်းအနားမှာ သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

သစ်တောပြုန်းတီးခြင်းနဲ့ သစ်တောအတန်းအစားကျဆင်းမှုမှ ကာဗွန်ထုတ်လုပ်မှု လျှော့ချမယ့် အမျိုးသားအဆင့် UN-REDD ( UN - REDD National Programme of Reducing Enissions from Deforestation and Forest Degradion - REDD+ ) အစီအစဉ်ကို နော်ဝေနိုင်ငံရဲ့ထောက်ပံ့မှုနဲ့ စုစုပါင်း ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၅.၅ သန်းသုံးစွဲပြီး ၂၀၂၀ ခုနှစ်အထိ လေးနှစ်ကြာအကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

UN-REDD အစီအစဉ်ဟာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ( FAO ) ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ( UNDP) ၊ ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ် ( UNEP ) တို့ရဲ့ နည်းပညာအကူအညီကို ရယူဆောင်ရွက်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ ပေါင်းစည်းဆောင်ရွက်ချက်တစ်ခုဖြစ်ပြီး ဖွ့ံ့ဖြိုးဆဲနိုင်ငံများမှာ သစ်တော ပြုန်းတီးခြင်းနဲ့ သစ်တော အတန်းအစား ကျဆင်းမှုတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ကာဗွန်ထုတ်လွှတ်မှုများကို လျှော့ချဖို့အတွက် လုပ်ဆောင်နေ တာဖြစ်ပါတယ်။

ဒီကနေ့ အခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ UNDP မြန်မာက ဌာနေညွန်ကြားရေးမှူး၊ FAO မြန်မာက ဌာနေကိုယ်စားလှယ်၊ ဝန်ကြီးဌာနတွေ၊ အစိုးရမဟုတ်သော အဖွဲ့စည်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။