တရားမဝင်သစ်ထုတ်လို့ သစ်တောပြုန်းတီးဟုဆို
2017.05.31

တရားမဝင်သစ်အလွန်အကျွံ ထုတ်လုပ်ရောင်းဝယ်မှုတွေဟာ သစ်တောပြုန်းတီးမှုကိုဖြစ်စေတဲ့ အကြောင်းတွေထဲ မှာ အဓိက အခန်းကဏ္ဍကပါဝင်နေတယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောလိုက် ပါတယ်။
မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ဒီကနေ့ပြုလုပ်တဲ့" တရားဝင် သစ်တောထွက်ပစ္စည်းများ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကောင်းမွန်သော သစ်တောစီမံ အုပ်ချုပ်လုပ်ကိုင်မှု တိုးမြင့်ဆောင်ရွက်ခြင်း " FLEGT အခမ်းအနားမှာ ဒေါက်တာခက်အောက်က အဲဒီလိုထည့်သွင်းေြပာခဲ့တာပါ။
သစ်တွေကို အလွန်အကျွံထုတ်ယူမှုတွေကြောင့် အကျိုးဆက်အနေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ လူမှုစီးပွားထိခိုက်မှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့အတူ နိုင်ငံတော်ကလည်း အခွန်ဝင်ငွေတွေ ထိခိုက်နစ်နာစေတယ် လို့ဆိုပါတယ်။
ဒါ့အပြင် သစ်ထုတ်လုပ်ရေးတွေနဲ့ ဆက်စပ်ပြီး စီးပွားရေးလက်ဝါးကြီးအုပ်လိုတဲ့ဆန္ဒနဲ့ မြေယာရယူမှုတွေကြောင့် ဒေသခံဋ္ဌာနေတိုင်းရင်းသားတွေရဲ့ မူလရပိုင်ခွင့်အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့လည်း ဒေါက်တာ ခက်အောင် က ပြောပါတယ်။
"တရားဝင် သစ်တောထွက်ပစ္စည်းများ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကောင်းမွန်သော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု တိုးမြင့်ဆောင်ရွက်ခြင်း " FLEGT ကို ဥရောပသမဂ္ဂ EU က ဆောင်ရွက်တာဖြစ် ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဥရောပသမဂ္ဂကို သစ်တင်ပို့ရောင်းချမယ်ဆိုရင် " နှစ်နိုင်ငံမိတ်ဖက်သဘောတူ သစ်ကုန်သွယ်ရေးစာချုပ် " VPA ( Voluntary Partnership Agreement ) ကို ချုပ်ဆိုရမှာဖြစ်ပါတယ်။
အဲဒီလို FLEGT-VPA လုပ်ငန်းစဉ်အတိုင်းဆောင်ရွက်မယ်ဆိုရင် တရားဝင်သစ်ဖြစ်ကြောင်း အာမခံနိုင်ခြင်း၊ သစ်ထောက် ပံ့ရေးစနစ်ကို ခြေရာခံတဲ့စနစ်ဖော်ထုတ်နိုင်ခြင်းနဲ့ သစ်တောကဏ္ဍ စီမံအုပ်ချုပ်မှုကို တိုးတက်ကောင်း မွန်လာနိုင်ခြင်းစတဲ့ရလဒ်တွေကို ရရှိစေမယ်လို့ ဆိုပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို သစ်တောဋ္ဌာနအဆင့်မြင့်အရာရှိတွေ နဲ့ ဋ္ဌာနဆိုင်ရာတချို့၊ ဥရေပသမဂ္ဂ EU က တာဝန်ရှိသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတချို့ တက်ရောက်ခဲ့ကြပါတယ်။