ဘူးသီးတောင် မောင်တော ဒေသက လေ့လာတွေ့ရှိချက် အစိုးရကို တင်ပြမည်
2018.09.27

ကုလသမဂ္ဂအဖွဲ့အစည်းတွေ ဘူးသီတောင် မောင်တောဒေသက ကျေးရွာ ၂၃ ရွာကို ကွင်းဆင်းလေ့လာ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး အစိုးရအာဏာပိုင်တွေနဲ့ မနက်ဖြန် တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်း က ပြောပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က ဝန်ထမ်းတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ကျေးရွာ ၂၃ ရွာကို လေ့လာဆန်းစစ်မှုတွေ သွားရောက်ပြု လုပ်တာ မနေ့က ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။
ခရီးစဉ်အတွင်း လေ့လာတွေ့ရှိခဲ့တာတွေကို ကုလဝန်ထမ်းတွေနဲ့ အစိုးရတာဝန်ရှိသူတွေ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်း က RFA ကို ဒီနေ့ ပြောပါတယ်။
"အစည်းဝေး agenda ထဲမှာတော့လည်း ဒါတစ်ခုပါနိုင်တာပေါ့။ ကျနော်တို့ TWG တွေ့တယ်ဆိုတာက ဒီကိစ္စတွေအတွက်ပဲ ဆောင်ရွက်တာဆိုတော့လည်း ဒါတွေက ပြောမယ့်ထဲပါနိုင်တာပေါ့။ announce လုပ်လို့ရ၊ မရဆိုတာတော့ ကျနော်တို့ မပြောနိုင်သေးဘူး။ အစိုးရခွင့်ပြုတယ် အစိုးရမပါဘူး။ သူတို့လုပ်နေတယ် Process မှာလေ"
ခရီးစဉ်အတွင်း ကုလသမဂ္ဂ ဝန်ထမ်း ၅၀ ကျော်က အဖွဲ့ ၃၊ ၄ ဖွဲ့ခွဲပြီး စစ်တမ်းတွေ ကောက်ယူခဲ့တာဖြစ်ပြီး အစိုးရဘက်က လိုက်ပါခဲ့တာမရှိပါဘူး။ ကုလဝန်ထမ်းတွေကို လွတ်လပ်စွာ သွားရောက်မေးမြန်းခွင့်ပြုခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
အစိုးရအနေနဲ့ ခရီးစဉ်အတွင်း လုံခြုံရေးဆောင်ရွက်ပေးခဲ့တာရှိပြီး ခရီးစဉ်အဆင်ပြေတယ်လို့ ကြားသိရကြောင်းနဲ့ တွေ့ရှိချက်အသေးစိတ်ကို ကုလဝန်ထမ်းတွေအနေနဲ့ အစိုးရထံ အသိပေးတာ မရှိသေးဘူးလို့ လူကယ်ပြန် ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောပါတယ်။
ကုလဝန်ထမ်းတွေအနေနဲ့ လက်ရှိသွားရောက်ခဲ့ပြီးဖြစ်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က ကျေးရွာ ၂၃ ရွာအပြင် တခြားရွာတွေကိုလည်း ထပ်မံသွားရောက်ဖို့ အစီအစဉ်တွေရှိပြီး အခု ပထမအကြိမ် ခရီးစဉ်မှာ လေ့လာတွေ့ရှိခဲ့တာတွေကို အစိုးရဘက်နဲ့ ညှိနှိုင်းဆောင်ရွက်ပြီးမှသာ နောက်တစ်ကြိမ် ခရီးစဉ်အတွက် ပြန်လည်စီစဉ်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
ခရီးစဉ်နဲ့ ပတ်သက်လို့ UNDP ကတာဝန်ရှိသူတွေကို RFA ကဆက်သွယ်နေပေမယ့် အဆက်အသွယ် မရသေးပါဘူး။