ရှေ့နေ ဦးကိုနီ လုပ်ကြံခံရ
2017.01.29

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဒီကနေ့ညနေပိုင်းက ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံရပြီး နေရာမှာ တင် သေဆုံးသွားပါတယ်။
လုပ်ကြံသူတစ်ဦးကို ဖမ်းမိထားပြီး စစ်ဆေးနေတယ်လို့ ရန်ကုန်လေဆိပ်ရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောပါတယ်။
"မိတယ် အရှင်မိတာ ဒါပေမဲ့ စစ်ဆေးနေတယ်ပေါ့"
ဦးကိုနီဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၂ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ Senior Leadership Program လေ့လာရေးခရီးစဉ်ကို လိုက်ပါသွားခဲ့တာ ဖြစ်ပြီး ဒီကနေ့ညနေ ရန်ကုန်ကို ပြန်ရောက်စဉ်မှာ လုပ်ကြံခံရတာဖြစ်ပါတယ်။
အဲဒီခရီးစဉ်မှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရခိုင်ပြည်နယ်က မြို့မိမြို့ဖတွေ ပါဝင်ပါတယ်။
ဦးကိုနီကို လုပ်ကြံသူ သေနတ်သမားကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်နိုင်တယ်လို့ သိရပါတယ်။