ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု လွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့ AI တောင်းဆို
2017.01.29

ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး၊ ဒါဟာ နိုင်ငံရေးလုပ်ကြံမှုဆိုတာ ပေါ်လွင်နေတယ်လို့ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောဆိုပြီး၊ လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးဖို့ တောင်းဆို လိုက်ပါတယ်။
အခုလို ရှေ့နေ ဦးကိုနီ သေဆုံးသွားရတာဟာ မြန်မာနိုင်ငံတွင်းမှာရော၊ ပြည်ပက လူ့အခွင့်အရေး အဝန်းအဝိုင်း တွင်းမှာပါ ဂယက်ရိုက် တုန်လှုပ်သွားကြောင်း၊ ဒီလို အကြမ်းဖက်မှုမျိုးအတွက် လုံးဝသည်းမခံဘဲ၊ ပြစ်ဒဏ်စီရင် မှာဖြစ်ကြောင်း အစိုးရအနေနဲ့ ရှင်းရှင်းပြတ်ပြတ်ကြေညာသင့်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဂျိုးဇက် ဘဲနဒစ် က ကြေညာချက်ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဦးကိုနီနဲ့ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကလည်း မြန်မာနိုင်ငံက ထင်ရှားလေးစားဖွယ်ရာ အစ္စလာမ်ဘာသာ ဝင် ရှေ့နေ ဦးကိုနီ ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်း ကြေကွဲရကြောင်း ပြောဆိုလိုက်ပြီး၊ ဦးကိုနီ လုပ်ကြံခံရတဲ့ ဇစ်မြစ်အဖြစ်မှန်ကို ဖေါ်ထုတ်ဖို့ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။