ပါတီစုံ ဒီမိုကရေစီစနစ်ကို အိန္ဒိယဆီက လေ့လာစရာ ရှိတယ်လို့ ဦးခင်အောင်မြင့်ပြော


2013.12.05
ukhinaungmyint-305.jpg အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ပုံ
Photo: RFA

ပါတီစုံ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကို ပြန်လည်ဖေါ်ဆောင်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယဆီက လေ့လာစရာ အများအပြားရှိနေပါတယ်လို့ အိန္ဒိယနိုင်ငံကိုရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ပြောပါတယ်။ အိန္ဒိယသမ္မတ မစ္စတာ ပရာနတ် မူကာဂျီနဲ့ မနေ့က တွေ့ဆုံခဲ့ရာ မှာ ပြောကြားခဲ့တာပါ။

ဆက်လက်ပြောကြားရာမှာ  နှစ်နိုင်ငံဆက်ဆံရေးဟာ အိန္ဒိယနဲ့ မြန်မာ လွတ်လပ်ရေးမရခင်ကာလ မျိုးဆက်ခေါင်းဆောင်တွေကတည်းက နီးနီးကပ်ကပ်ရှိခဲ့ပါတယ်။  မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတဲ့အခါ၊ အိန္ဒိယခေါင်းဆောင် နေရူးက အာရှတိုက်တစ်ခုလုံးရဲ့ ဆုံးရှုံးမှုတစ်ရပ်အဖြစ် သတ်မှတ်ပြောကြားခဲ့တာပါ။ အခု မြန်မာနိုင်ငံက ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်ဆန်းသစ်နေတဲ့အခါ အိန္ဒိယဆီက လေ့လာစရာတွေရှိနေပါတယ်။ အိန္ဒိယကလည်း ပါလီမန်လွှတ်တော်ဆိုင်ရာကိစ္စတွေကို ညီရင်းအစ်ကို စိတ်ဓါတ်နဲ့ လိုလိုလားလား ကူညီဖေးမသင်ကြားပြသခဲ့ပါတယ်။ ဒါ့ပြင် အိန္ဒိယနဲ့ မြန်မာကြား ရှည်လျားတဲ့ မြေပြင်ရေပြင် နယ်နမိတ် ရှိနေပေမယ့် နယ်နမိတ်ပြဿနာရယ်လို့ မပေါ်ပေါက်ခဲ့ပါဘူးလို့ ပြောကြားခဲ့ပါတယ်။

အိန္ဒိယသမ္မတ မစ္စတာ  မူကာဂျီကလည်း  အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံအတွက် လိုအပ်သမျှ အကူအညီတွေကို တတ်စွမ်းသမျှ ဖြည့်ဆည်းပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီအတွင်း  အိန္ဒိယ မြန်မာနယ်စပ် မဏိပူပည်နယ်မှာ မြန်မာဘက်က နယ်စပ်ခံစည်းရိုးကာရံဖို့ ပြင်ဆင်နေတဲ့ကိစ္စနဲ့ တားဆီးပေးဖို့ မဏိပူနိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေက အိန္ဒိယဗဟိုအစိုးရ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကတွေ့ဆုံပြီး တောင်းဆိုတင်ပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။