စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ဗြိတိန် ပြည်သူတွေ စာပို့
2011.08.31

Burma Campaign UK
ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ကို ထောက်ခံကြောင်း ပို့စကဒ်နဲ့ စာတွေ၊ လက်မှတ်တွေကို ဗြိတိန် ပြည်သူတွေထံက ပြီးခဲ့တဲ့ ဇူလိုင် သြဂုတ်လတွေ အတွင်း Burma Campaign U.K အဖွဲ့က လိုက်လံ ကောက်ခံ ရရှိခဲ့တာ ဖြစ်တယ်လို့ Burma Campaign U.K အဖွဲ့ဝင် မဇိုယာဖန်းက ပြောပါတယ်။
မြန်မာပြည်အရေး ဆောင်ရွက်ပေးဖို့ ဗြိတိန် ပြည်သူတွေက သူတို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးထံကို ပို့စကပ်နဲ့ စာတွေ ရေးသား ပေးပို့ တောင်းဆိုတာ ဖြစ်ကြောင်း၊ ကုလသမဂ္ဂကတဆင့် စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး မြန်မာနိုင်ငံမှာ အာဏာရှင် စစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူပေးဖို့ ပြည်သူတွေက တောင်းဆိုတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက William Hague ကိုယ်တိုင်ကလည်း ဒီ စုံစမ်းရေး ကော်မရှင်ရှိဖို့ တကယ်လိုအပ်ကြောင်း ပြောဆိုထားတာ ရှိပြီး ဒါကို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ အတွက် ပြည်သူလူထုက တိုက်တွန်းတာလည်း ဖြစ်တယ်လို့ မဇိုယာဖန်းက အာအက်ဖ်အေကို ပြောပါတယ်။
ရှေ့လာမယ့် အပတ်မှာ EU ဥရောပသမဂ္ဂ အဖွဲ့က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထား တရပ် ချမှတ်ဖို့ ရှိပြီး၊ အဲဒီ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကို ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် စေလွှတ်ရေး ကိစ္စ ဗြိတိန် နိုင်ငံက ဦးဆောင် ဆွေးနွေး စေလိုတာကြောင့် ဗြိတိန် ပြည်သူတွေရဲ့ ထောက်ခံစာနဲ့ ပို့စကဒ်တွေကို ဒီကနေ့မှာပဲ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို Burma Campaign U.K အဖွဲ့က သွားရောက် ပေးပို့ခဲ့ပါတယ်။
EU ဥရောပသမဂ္ဂ အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ သဘောထား တရပ် ချမှတ်ပြီးရင်တော့ လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြသွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် စေလွှတ်သင့်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား ကလည်း ပြီးခဲ့တဲ့ မတ်လတုန်းက လူ့အခွင့်အရေး ကောင်စီမှာ တင်ပြခဲ့ပါတယ်။