၆၂ ကျောင်းသားသမဂ္ဂ အမှုဆောင် ဦးလှရွှေ ကို စစ်အစိုး ရခေတ် သတင်းစာတွေလို ရေး သားဖော်ပြ


2017.02.23
hlashwe-news-620.jpg ဇန်နဝါရီလ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာဖော်ပြတဲ့ ရန်ကုန်တက္ကသိုလ်သမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်တဲ့သတင်းကို တွေ့ရစဉ်
.

ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခဲ့ကြသူတွေထဲ မှာ ၁၉၆၂ ခုနှစ် ကျောင်းသားမျိုးဆက်တွေဖြစ်တဲ့ ဦးလှရွှေ၊ ဦးလေးမြင့် တို့ပါဝင်တယ်ဆိုပြီး  ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ရေးသားချက်ဟာ မှားယွင်းဖော်ပြတာဖြစ်သလို၊ ဦးလှရွှေရဲ့ အမည်ကို ကြက်လှရွှေလို့ သုံးနှုန်း ထားတာကလည်း စစ်အစိုးရခေတ်ကလို သိက္ခာချရာရောက်တယ်လို့ ဦးလှရွှေ က RFA ကို ပြောပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးမှာ မနေ့က ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ကပြုလုပ်တဲ့ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရက ဗုံးခွဲဖျက်ဆီးလိုက်တဲ့ ရန်ကုန်တက္ကသိုလ်သမဂ္ဂအဆောက်အအုံ ပြန်လည် တည်ဆောက်ရေးဆွေးနွေးတဲ့သတင်းကို နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြရာမှာ အခုလိုထည့်သွင်းရေးသားလိုက် တာဖြစ်ပါတယ်။

ဒီကိစ္စအတွက် သတင်းစာတိုက်က တာဝန်ရှိသူတယောက် လာရောက်တောင်းပန်တယ်လို့ ဦးလှရွှေ ကပြော ပါတယ်။ သူ့ကို ကြက်လှရွှေလို့ အမည်သုံးစွဲတာကလည်း သူတို့မိသားစုက ကြက်မွေးမြူရေးလုပ်ငန်းရှိတဲ့အတွက် အရင်စစ်အစိုးခေတ်က ထောက်လှမ်းရေးတွေသုံးတဲ့ အသုံးအနှုန်းဖြစ်နေတယ်လို့ ဦးလှရွှေက ဆိုပါတယ်။

ဦးလှရွှေဟာ ၁၉၆၂ ခုနှစ်မှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သလို သမဂ္ဂအဆောက်အအုံ ဗုံးခွဲဖျက်ဆီးခံရပြီး ကျောင်းသားတွေသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အတွက် ပြောဆိုနိုင်သူတဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မဆလခေတ်နဲ့ နဝတ/နအဖ စစ်အစိုးရခေတ်တွေမှာ ထောင်အကြိမ် ကြိမ်ကျခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်လည်း ဖြစ်ပါတယ်။

သူဟာ ၁၉၈၈ ခုနှစ်နိုင်ငံရေးပါတီတွေတည်ထောင်ခွင့်ရချိန်က ပြည်သူ့တိုးတက်ရေးပါတီ (PPP) ကို ဦးခင်မောင်မြင့်၊ ဦးညိုဝင်းတို့နဲ့အတူ ဦးဆောင်တည်ထောင်ခဲ့သူဖြစ်ပြီး၊ အောင်သာ (ပီသုံးလုံး) ဆိုတဲ့ ကလောင်အမည်နဲ့ လက်ရှိအချိန်မှာ နိုင်ငံရေးဆောင်းပါးတွေရေးနေသူလည်း ဖြစ်ပါတယ်။

ဦးလှရွှေ ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။