နိုင်ငံရေးပါတီတွေ ဥပဒေလိုက်နာဖို့ ကော်မရှင် ထုတ်ပြန်
2017.11.24
နိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေ၊ နည်းဥပဒေတွေကို လေးစားလိုက်နာဖို့ ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်က မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့် နိုင်ငံရေးပါတီကြီးတစ်ခုက လက်ရှိ ပါတီဝင်စာရင်းအရေအတွက် ပြန် လည်တင်ပြဖို့ တောင်းခံရာမှာ လိုက်နာခြင်းမရှိဘဲ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် ပြောဆိုနေတဲ့ အတွက် ထုတ်ပြန်ချက် ထုတ်တာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်း က ပြောပါတယ်။
"နိုင်ငံရေးပါတီတွေလည်း သိစေချင်တယ်။ နားထောင်နေတဲ့ ပြည်သူတွေကလည်း ဇဝေဇဝါပေါ့။ တဖက်သတ် ပြောနေတော့ ဘယ်သူက မှားမှန်း ကျနော်က မရှင်းဘဲ နေလည်းရတယ်။ မရှင်းရင် ပြည် သူတွေက ဟုတ်လို့ငြိမ်နေတာလား ကော်မရှင်ကြီးက ဖြစ်အုံးမယ်။ အမှန်တော့ ကျနော် သိစေချင် တာ ပြည်သူ သိစေချင်တာ။ ဘယ်ဟာ မှားတယ်၊ မှန်တယ်ဆိုတာ ဝေဖန်။ သူတို့ပြောတာ ဟုတ်တယ်၊ မဟုတ်တယ် မငြင်းဘူး။ ကျနော်တို့လုပ်တာ ဥပဒေအတိုင်းလုပ်တယ်ဆိုတာ သိသွားရင် ပြီးရော။ သူတို့ဟာကို ဟုတ်တယ်လည်း မငြင်းဘူး။ မဟုတ်ဘူးလည်း မငြင်းတော့ဘူး။ ဇာတ်လမ်းရှည်မှာစိုးလို့။’’
ကော်မရှင်ရဲ့ ညွှန်ကြားချက်ကို မလိုက်နာတဲ့ ပါတီရဲ့ နာမည်ကိုတော့ ဦးလှသိန်းက ထုတ်ဖော်မပြောပါဘူး။
နိုင်ငံရေးပါတီများအနေနဲ့ ဥပဒေ၊ နည်းဥပဒေတွေကို လိုက်နာခြင်းမရှိခဲ့ဘူးဆိုရင် ပထမအဆင့်အနေနဲ့ သတိပေးမှာဖြစ်ပြီး ဥပဒေကို ဆက်ပြီးချိုးဖောက်နေရင်တော့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ပြီး အဲဒီပါတီကိုလည်း ဖျက်သိမ်းရမယ်ဆိုတဲ့ ဥပဒေအတိုင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၉၁ ခု ရှိပါတယ်။
အဲဒီအထဲက အရင်အာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ဘက်လိုက်မှုရှိတယ်လို့ ယုံကြည်ကြောင်း မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။