ဦးလှဆွေ ကို ရွေးကောက်ပွဲကော်မရှင် ခေါ်ယူတွေ့ဆုံ
2018.06.12

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဘူးလက်မှာတမ်းဆိုတဲ့ ဆောင်းပါးကို ရေးသားခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ခေါ်ယူတေ့ွဆုံခဲ့ပါတယ်။
အပတ်စဉ်ထုတ် ဘူးလက်သတင်းစာစောင်မှာ လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြခဲ့တဲ့ ဆောင်းပါးပါအချက်တွေမှာ စာဖတ်ပရိသတ်တွေ အထင်လွဲစရာတွေ ရှိလို့ ခေါ်ယူတွေ့ဆုံတာလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ က ပြောပါတယ်။
"သန်းပေါင်းထောင့်ခြောက်ရာတင်တာနဲ့ ပတ်သက်ပြီးတော့ ၈ ယောက်တုန်းကလည်း သန်းပေါင်း ထောင့် ခြောက်ရာပဲပေါ့။ ၁၃ ယောက်တုန်းကလည်း သန်းပေါင်းထောင့်ခြောက်ရာပဲပေါ့။ အဲလိုဖြစ်နေတယ်လို့ ကျနော်ကရေးတာ။ ရေးတာကို သူတို့ကရှင်းပြတာက ကျနော်တို့က ဘတ်ဂျက်ကို ပိုတင်ထားပါတယ်တဲ့။ တင်ထားတဲ့အတွက်ကြောင့် ဘတ်ဂျက်ဆိုတာ တစ်ခါတင်ပြီးရင် ပြန်တောင်းရခက်လို့ ပိုလို့ရှိရင် ပြန်အပ်ပါတယ် တဲ့။ ၂၀၁၇ တုန်းကလည်း ကျနော်တို့ထုတ်ထားတဲ့ ဘတ်ဂျက်တွေ ပိုနေလို့ ပြန်အပ်ပါတယ်တဲ့။ တစ်ပြားတစ်ချပ်မှ အလွဲသုံးစားမလုပ်ပါဘူးတဲ့။ ဦးလှဆွေ ရေးတဲ့ပုံစံက အလွဲသုံးစားလုပ်နေတဲ့ပုံစံဖြစ်နေတယ်။ ပိုတဲ့ပိုက်ဆံတွေ သူတို့ကော်မရှင်အဖွဲ့ဝင်တွေ ခွဲယူလိုက်တဲ့ပုံစံမျိုး စာဖတ်ပရိတ်သတ်တွေ တွေးလိမ့်မယ်တဲ့။ ဒါကြောင့်မိုလို့ အဲဒါ မှားပါတယ်တဲ့။ အဲဒါကို ဂျာနယ်ထဲမှာ ပြန်ပြီးတော့ ဖြေရှင်းဖော်ပြပေးပါဆိုလို့ ကျနော် ဖော်ပြပေးပါ့မယ်လို့ ပြောလိုက်တယ်"
ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၃ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ပြည်သူ့လွှတ်တော် လေးနေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၈ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ ကျင်းပမှာဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲ အသုံးစရိတ်အဖြစ် ငွေကျပ်သန်း ၁၆၀၀ ခွင့်ပြုချက်ရရှိထားတာဖြစ်ပါတယ်။
ဒီနေ့ တေ့ွဆုံမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ဖြေဆိုဖို့ ငြင်းဆန် ပါတယ်။