အတိုင်ပင်ခံပုံနဲ့ မဲဆွယ်မှု ဥပဒေနဲ့ မငြိစွန်းကြောင်း ကော်မရှင်ဆုံးဖြတ်


2018.10.04
toewin-nld-candidate-622.jpg တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတိုးဝင်း ၂၀၁၈ စက်တင်ဘာ ၁၉ ရက်နေ့က မဲဆွယ်နေစဉ်
Photo: Yangon Information Committee NLD
NLD ပါတီ ကိုယ်စားလှယ်လောင်းက ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံကို အသုံးပြုခဲ့တယ်ဆိုပြီး ပြိုင်ဘက်ပါတီရဲ့ တိုင်ကြာမှုနဲ့ ပတ်သက်လို့ ဥပဒေနဲ့ ငြိစွန်းမှု မရှိကြောင်း တာမွေမြို့နယ်နဲ့ အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်လွှာပေးပို့ခဲ့တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တာမွေမြို့နယ်က ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်က ရွေးကော်ရဲ့ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိဘူးလို့ RFA ကို ဒီနေ့ ပြောပါတယ်။

"ကျနော်ကတော့ တိုင်ထားတာ ကန့်ကွက်ထားတာတော့ ဥပဒေအချက်အလက်နဲ့ အတိအကျပဲလေ၊ သူတို့က အကြောင်းပြန်တာတော့ ပုံရိပ်သုံးတာ ဘယ်လိုမှ စပ်ဆိုင်မှု မရှိဘူးဆိုပြီး အကြောင်းပြန်တာ၊ ဘယ်ဥပဒေနဲ့ ဆိုတာ ထောက်ပြပြီးတော့ ပြန်ပြောထားတာမဟုတ်ဘူး၊ မြို့နယ် ကော်မရှင်ရော၊ ခရိုင်ကော်မရှင်ရော သဘောတူတူပဲ၊ နောက်ပြီး သူတို့ပြောနေတဲ့ စကားတွေက လွတ်လပ်ပြီး တရားမျှတတယ် ဘယ်လိုပဲပြောပြော ဒီပြန်စာအရ ဥပဒေပညာရှင်တွေကို ချပြပြီး သုံးသပ်ခိုင်းရင် သူတို့ပြန်တဲ့သဘောဟာ ဘောင်ဝင်လား မဝင်လားဆိုတာ အထင်းသားကြီးပေါ့ဗျာ"

လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတိုးဝင်းက သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံကို အသုံးပြုပြီး မဲဆွယ်တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မတွေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မတွေနဲ့ မညီညွတ်ကြောင်း ပြီးခဲ့တဲ့စက်တင်ဘာ ၁၉ ရက်နေ့က မြို့နယ်နဲ့ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို ဦးမျိုးဝင်းကျော်က ကန့်ကွက်လွှာပေးပို့ခဲ့ပါတယ်။

မဲဆွယ်ရာမှာ နိုင်ငံတော်ခေါင်းဆောင်တွေရဲ့ပုံကို အသုံးပြုခြင်းဟာ တိုင်ကြားမှုနဲ့ စပ်ဆိုင်မှုမရှိကြောင်း တာမွေမြို့နယ်နဲ့ အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကေ်ာမရှင်က ဆုံးဖြတ်ခဲ့ပြီး အောက်တိုဘာ ၂ ရက်နေ့ရက်စွဲနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းထံ ပြန်ကြားစာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

တာမွေမြို့နယ်ဟာ လက်ရှိ သမ္မတဦးဝင်းမြင့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်လည်းဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကတော့ လစ်လပ်မဲဆန္ဒနယ် ၁ဝ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။