တိုင်းပြည်တည်ငြိမ်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ ဝန်ကြီး ဦးအောင်မင်း တိုက်တွန်း


2013.05.30
uaungmin-305 မြစ်ကြီးနားမြို့မှာ ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ အစိုးရနဲ့ ကေအိုင်အို ငြိမ်ချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကိုတွေ့ရစဉ်
photo: RFA/ Kyaw Myo Min

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းနေချိန်မှာ တည်ငြိမ်အေးချမ်းရေးဟာ အရေးကြီးတာကြောင့် ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုလိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ဆွေးနွေးစဉ် တိုက်တွန်းပြောကြားလိုက်ပါတယ်။

လားရှိုးမြို့မှာ မေလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့  ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မင်းကပြောရာမှာ ကေအိုင်အိုနဲ့  ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်မှာ လားရှိုးမြို့မှာ မတည်မငြိမ်ဖြစ်ခဲ့ကြောင်း၊ စစ်တပ်ကလည်း ထွက်ပြေးလာသူတွေကို ကူညီထားကြောင်း ပြောခဲ့ပါတယ်။

အလားတူ ကေအိုင်အိုနဲ့ ဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ရမခတိုင်းမှူး ဗိုလ်ချုပ်အောင်စိုးကလည်း လားရှိုးမြို့က အခြေအနေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

"ဒီဟာကတော့ သူတို့စုံစမ်းစစ်ဆေးပြီး ထွက်လာတဲ့အချိန်အထိ ခဏစောင့်ကြည့်ဖို့လိုမယ်လို့ ကျနော်ယူဆပါတယ်၊ အားလုံးတော့ တည်တည်ငြိမ်ငြိမ်ရှိပါတယ်ခင်ဗျ။ သက်ဆိုင်ရာပြည်နယ်အစိုးရဝန်ကြီးချုပ်ရော၊ ပြည်ထောင်စုဝန်ကြီးတွေရော ရောက်ရှိပြီးတော့ မြို့ရဲ့အခြေအနေလေးကို အေးအေးချမ်းချမ်းနဲ့ မူလပကတိအတိုင်းရှိနေအောင် သူတို့ကြိုးစားပြီးဆောင်ရွက်နေပါတယ်၊ ထိခိုက်ဒဏ်ရာသူစာရင်းလည်း တရားဝင်ထုတ်ပြန်မှုထဲမှာတော့ ကျနော်တို့လည်း မတွေ့ရသေးပါဘူး၊ ကျနော်လည်း ဖြစ်စဉ်မတိုင်ခင်ကတည်းက ဒီရောက်နေတဲ့အခါကျတော့ ကျနော်တို့ကတော နယ်ဖက်ဆိုင်ရာဌာန တာဝန်ရှိသူတွေလုပ်နေတဲ့လုပ်ငန်းစဉ်မှာ လုံခြုံရေးအရလိုအပ်လာလို့ အကူအညီတောင်းလာတယ်ဆိုလို့ရှိရင် ကျနော်တို့လုံခြုံရေးပေးနိုင်အောင်အတွက် ပြင်ဆင်ထားတဲ့သဘောပါ"

မေလ ၂၈ နေ့ ညနေပိုင်းက လမ်းဘေးဓါတ်ဆီရောင်းသူ အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓါတ်ဆီလောင်း မီးရှို့ရာကနေ မေလ ၂၉  ရက်နေ့အထိ အဓိကရုဏ်း ဖြစ်ခဲ့တာပါ။ အဲဒီလိုဖြစ်စဉ်တွေမှာ ဦးဆောင်ပါဝင်သူလို့ ယူဆရသူ ၂၅ ဦးကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးစစ်ဆေးနေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဦးရဲထွဋ်ရဲ့  အင်တာနက် ဖေ့စ်ဘွတ် လူမှုရေးစာမျက်နှာမှာ ရေးသားထားပါတယ်။

လားရှိုးမြို့အကြမ်းဖက်မှုကြောင့် လူနေအိမ် ၅ လုံး၊ ဘာသာရေးအဆောက်အဦး ၃ လုံး၊ ရုပ်ရှင်ရုံ ၁ ရုံ၊ ဂိုဒေါင် ၄ လုံး၊ ဆိုင်ခန်း ၃၂ ခန်း၊ ကား ၂ စီး၊ ဆိုင်ကယ် ၁၁ စီးပျက်စီးခဲ့ပြီး သေဆုံးသူ ၁ ဦးနဲ့ ဒဏ်ရာရသူ ၅ ဦး ရှိခဲ့တယ်လို့ ဒုတိယဝန်ကြီး ဦးရဲထွဋ်က ရေးသားထားပါတယ်။

ဒီအတောအတွင်း လာရှိုးမြို့မှာ မေလ ၂၈ ရက် နဲ့ ၂၉ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးကြတဲ့ ဒေသခံတစ်ထောင်ကျော်လောက်ဟာ မြို့ပေါ်က မန်ဆူ ရှမ်းဘုန်းတော်ကြီးကျောင်းတိုက်မှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။

အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့ အမှတ်(၈)၊ (၉)၊ (၂) နဲ့ (၁ဝ) ရပ်ကွက်တွေက ဒေသခံတွေဟာ မနေ့ညကနေ ဒီကနေ့အထိ လာရောက်ခှိုလှုံနေတာလို့ လာရှိုးမြို့နယ် သံဃာ့နာယက ဥက္ကဌ မန်ဆူရှမ်း ကျောင်းတိုက် ဆရာတော်က RFA ကို မိန့်ကြားပါတယ်။

"ဒုက္ခသည်က ဒီလိုပဲ၊ ရက်ကွက်ကနည်းနည်းလေ၊ တချု့ိလည်း အိုးအိမ်တွေ ဖျက်ဆီးခံရလို့၊ တချို့လည်း စိုးရိမ်လို့ ကြောက်လန့်လို့ပေါ့နော်၊ မနေ့ညနေ ၆ နာရီကနေပြီးတော့ ဒီနေ့တဖွဲဖွဲပေါ့နော်၊ ၁၂ဝဝ လောက်ရှိပြီထင်တယ်၊ နေရာတွေဘာတွေက မြို့ပေါ်မှာက သိပ်မရှိတော့လေ၊ ကျယ်ကျယ်ဝန်းဝန်းမရှိတဲ့အခါကျတော့ အကူအညီတောင်းတာနဲ့ ဘုန်းဘုန်းကအဲဒါကို တောက်လျှောက်လုပ်ပေးပါတယ်"

ဒီဒုက္ခသည်တွေအတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေက အစားအသောက်တွေ လာရောက်လှူဒါန်းကြတယ်လို့ သိရပါတယ်။

လာရှိုးမြို့မှာ ဒီကနေ့ အကြမ်းဖက်မှုတွေ မဖြစ်ပွားတော့ပဲ ပြန်လည်အေးချမ်းနေပြီး မကြာခင်ရက်ပိုင်းအတွင်း ဒုက္ခသည်တွေကို မိမိနေအိမ်တွေမှာ ပြန်လည်နေထိုင်နိုင်အောင် စီစဉ်ပေးမယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။