ဦးဝင်းတင်ဖောင်ဒေးရှင်း ဒုတိယအကြိမ် ကူညီထောက်ပံ့
2012.05.12
ဒီတခေါက် ထောက်ပံ့မှုမှာ လက်ရှိထောင်ထဲမှာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား (၂) ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်း (၇ ) ဦးနဲ့အတူ လွတ်လပ်ရေး ကြိုးပမ်းမှုကာလက နေသူရိန်ဇာတ်ရုံ ပိုင်ရှင်ဖြစ်ခဲ့ပြီး လက်ရှိ ကျန်းမာရေး ချို့တဲ့နေသူ ဒေါ်ကြည်ကြည်ကို ကူညီထောက်ပံ့လိုက်တယ်လို့ ဦးဝင်းတင်က RFA ကိုပြောပါတယ်။
"အားလုံးပေါင်း ၉ ယောက်ရှိတယ်ဗျ။ ငွေပေါင်းက ၃၇ သိန်း ပေးလိုက်တယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေပါတယ်။ လက်ရှိ အကျဉ်းကျနေတဲ့သူတွေ ပါတယ်။ ဒါ့အပြင် တစ်ဦးကတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ တုန်းက လုပ်ခဲ့တဲ့ နေသူရိန်ရုံကြီးရဲ့ ပိုင်ရှင်ဟောင်း ဒေါ်ကြည်ကြည်ဆိုတဲ့ အမျိုးသမီးကို ဆေးကုနေရတဲ့အတွက် ကျွန်တော်တို့ သူ့ကိုလည်း ပေးတယ်ပေါ့။"
လားရှိုး အကျဉ်းထောင်မှာ ရှိနေတဲ့ ကိုမင်းအောင်ကို ၅ သိန်းထောက်ပံ့ပြီး၊ ကလေးထောင်မှာ ရှိနေတဲ့ ကိုအေးအောင်ကို ၃ သိန်း ထောက်ပံ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်းတွေထဲကတော့ ဦးကြည်သန်း၊ ဦးမောင်ကြီး၊ ဦးဝင်းမောင် ခေါ် စာရေးဆရာ စောသစ်ဝေ၊ ဦးတင်ငွေ ခေါ် စာရေးဆရာ နီဟိန်း၊ ဦးသိန်းထွန်း ခေါ် ကဗျာဆရာ မောင်ရေပြာ၊ ဒေါ်ပြုံးပြုးအေးနဲ့ ကိုဇာနည်တို့ကို ထောက်ပံ့လိုက်တယ်လို့ သိရပါတယ်။