ကိုဗစ်ကူးစက်ခံရတဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအခြေအနေ စိုးရိမ်နေရ
2021.07.16
အာဏာသိမ်းစစ်ကောင်စီက ရေကြည်အိုင် စစ်တပ်စစ်ကြောရေးစခန်းမှာ ဖမ်းဆီးထားတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ သူ့ဇနီး ဒေါ်ခင်မိကြွယ်တို့ နှစ်ဦးလုံး ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရပြီး မနေ့မနက်က ဦးဖြိုးမင်းသိန်း သတိလစ်သွားတဲ့အတွက် မင်္ဂလာဒုံစစ်တပ် အသည်းဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရပါတယ်။ သူ့ကို အခု အောက်ဆီဂျင်ပေးထားတယ်လို့လည်း ခိုင်လုံတဲ့ သတင်းပေးသူတဦးက RFA ကိုပြောပါတယ်။ ဖမ်းဆီးခံနေရတဲ့ သူ့ဇနီးလည်း သူနဲ့ အတူ အခုဆေးရုံမှာ ရှိနေတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ဦးဖြိုးမင်းသိန်း စတင်ဖျားနာတဲ့အတွက် ဆေးစစ်ရာမှာ အခုလို ကိုဗစ်ပိုးကူးစက်နေတာတွေ့ရှိတယ်လို့ သိရပါတယ်။ သူ့ဇနီး ဒေါ်ခင်မိကြွယ်ကတော့ ဗုဒ္ဓဟူးနေ့ ဆေးစစ်ရာမှာ ဗိုင်းရပ်စ်ပိုး ကူးစက်နေတာကို သိရှိရတာပါ။ ဗိုင်းရပ်စ်ပိုး တွေ့ရှိပြီး ခြောက်ရက်အကြာမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အခုလိုသတိလစ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ဒီသတင်းကိုကြားသိရတဲ့အတွက် ဖမ်းဆီးခံနေရသူတွေအတွက် စိုးရိမ်မိတယ်လို့ RFA ကို ပြောပါတယ်။
“ကိုဖြိုးမင်းသိန်းတို့ ကိုဗစ်ဖြစ်တယ်လို့ ကြားရတယ်။ အဲဒီတော့ သူတို့ကို ထားတာက ရေကြည်အိုင်မှာ ထားတယ်ဗျာ။ အဲဒီတော့ ဘယ်သူတွေက စောင့်သလဲဆိုရင် သူတို့ပဲစောင့်တာလေ။ သူတို့ဆီကပဲ ကူးတာနေမှာပေါ့။ အဲဒါတွေကျတော့ မစစ်ဆေးတော့ဘူးလား။ ထိစပ်နေတဲ့ သူတွေကိုလေ။ အဲဒီတော့ ဖမ်းဆီးထားသူ တယောက်အပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု ရှိသင့်တယ်။ နောက်ပြီး ထောင်အတွင်းမှာ ဖမ်းဆီးခံနေရသူတွေအထဲမှာ ကျနော်တို့ NLD ပါတီက ခေါင်းဆောင်တွေ ပါတီဝင်တွေရှိတယ်။ တခြား တက်ကြွလှုပ်ရှားသူတွေ ရှိတယ်။ ဒီလို အကျဉ်းကျနေသူတွေအပေါ်မှာ သူတို့ဘယ်လို တာဝန်ယူမှုရှိသလဲ။ စစ်ကောင်စီက ဒီလူတွေကို တာဝန်ယူမှုမရှိဘဲ ပေယျာလကံပြုလုပ်နေတာကို ကျနော်တို့အနေနဲ့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။”
နိုင်ငံရေးအကျဉ်းသားဟောင်း အယ်ဒီတာ ဦးမျိုးမြင့်ညိမ်းကလည်း စစ်ကောင်စီအနေနဲ့ သူတို့ ဖမ်းဆီးထားသူတွေအတွက် တာဝန်ယူရမှာဖြစ်တယ်လို့ ပြောပါတယ်။
“အကျဉ်းကျနေသူတွေနဲ့ ပတ်သက်ပြီးတော့ ထောင်က တာဝန်ယူရတာ သုံးခု ရှိပါတယ်။ အကျဉ်းသားတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ နေရေးထိုင်ရေးကို တာဝန်ယူရတယ်။ ဒါထောင်လက်စွဲဥပဒေမှာကို ပါတယ်။ အခု အရေးယူခံထားရတဲ့သူတွေက တရားဥပဒေအရ အပြစ်ရှိပါတယ်လို့ အမိန့်ချထားခံရသူတွေ မဟုတ်ဘူး။ ထိန်းသိမ်းခံရသူတွေဖြစ်တယ်။ ဒီလူတွေနဲ့ ပတ်သက်ပြီး စားရေးသောက်ရေး နေရေးထိုင်ရေး ကျန်းမာရေးကိစ္စတွေကို သက်ဆိုင်ရာပုဂ္ဂိုလ်တွေက တာဝန်အပြည့်ယူဖို့လိုတယ်။ အခုကျနော်တို့ ကြားနေရတာက ဦးဉာဏ်ဝင်း၊ ကိုဟံသာမြင့်၊ ကိုဖြိုးမင်းသိန်း၊ မကြွယ်တို့ သူတို့ကျန်းမာရေးကို ကြားရတာ ပြည်သူလူထုက စိုးရိမ်မှုရှိတယ်။ ဒီဟာကို သက်ဆိုင်ရာအာဏာပိုင်တွေ သိစေချင်ပါတယ် အာဏာပိုင်တွေအနေနဲ့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးဖို့ လိုလားပါတယ်။ ဒါကို အလေးအနက်ပြောလိုပါတယ်”

ဒါ့အပြင် ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ဟာ ၁၉၈၈ ပြည်သူ့အရေးတော်ပုံကို အကြမ်းဖက်ဖြိုခွဲကာ စစ်တပ် အာဏာသိမ်းပြီးချိန်ကတည်းက စပြီး စစ်အစိုးရအဆက်ဆက်မှာ နှစ်များစွာ ထောင်တွင်း အကျဉ်းချခံခဲ့ရသူတွေဖြစ်တဲ့အတွက် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရရှိခဲ့ပြီးဖြစ်ပါတယ်။ အခုအခါမှာ အသက်အရွယ်အရရော ကျန်းမာရေးဆိုင်ရာ တခြားချို့ယွင်းမှုတွေ ရှိနေပြီဖြစ်တဲ့ အဲဒီထိန်းသိမ်းခံနေရသူတွေအတွက် စစ်ကောင်စီအနေနဲ့ အလေးအနက်ထားဖို့လိုပါတယ်လို့လည်း ဦးမျိုးမြင့်ညိမ်းက ပြောပါတယ်။
“ဦးဉာဏ်ဝင်းကျတော့ အသက်လဲ တော်တော်ကြီးပြီ။ သူက နဂိုကတည်းက ကျန်းမာရေးချို့ယွင်းနေတဲ့ ပုဂ္ဂိုလ်တယောက်လဲ ဖြစ်တယ်။ ကိုဖြိုးမင်းသိန်းကျတော့ နဂိုကတည်းက နှလုံးရောဂါသမား နှလုံးခွဲစိတ်ထားရတယ်။ ကျနော်သိသလောက် သူက တပတ်တခါ medical checkup လုပ်ရတဲ့သူ ဖြစ်တယ်လို့ သိရတယ်။ အလားတူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဆိုရင် ကင်ဆာဆေး သွင်းနေရသူ။ ဆိုတော့ သူတို့တွေက အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရသူတွေ ဖြစ်နေတယ်။ သူတို့ရဲ့ကျန်းမာရေးကို ပိုပြီးတော့ တာဝန်ရှိတဲ့သူတွေက အထူးဂရုစိုက် ကုသပေးတာမျိုး ဖြစ်စေချင်ပါတယ်”
ဦးဖြိုးမင်းသိန်းနဲ့ သူ့ဇနီးတို့ နှစ်ဦးကို ရေကြည်အိုင်စစ်တပ်ထောက်လှမ်းရေးဝန်းထဲက သီးသန့်အိမ်တလုံးမှာ ပြင်ပနဲ့ အဆက်ဖြတ်ပြီး ထားရှိတာဖြစ်ပါလျှက်နဲ့ ဘာကြောင့် အခုလို ကိုဗစ်-၁၉ ပိုး ကူးစက်ရတာလဲဆိုတာတော့ မသိရသေးပါဘူး။

သူတို့ကို စောင့်ကြပ်နေတဲ့ ဗိုလ်ကြီးတဦးနဲ့ တပ်ကြပ်ကြီး တစ်ဦးမှာလည်း ဒီဗိုင်းရပ်စ်ကူးစက်နေတာတွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ စောင့်ကြပ်သူတွေကို ကိုဗစ်ကူးစက်နေမှန်း စစ်ကောင်စီက ကြိုတင်သိရှိခဲ့ခြင်း ရှိမရှိဆိုတာကိုတော့ မသိရပါဘူး။
အခုလို ဦးဖြိုးမင်းသိန်းနဲ့ ဇနီး ဒေါ်ခင်မိကြွယ်တို့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီကလည်း သတင်း တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။