ဦးကျော်သူရဲ့ နေအိမ်ချိပ်ပိတ်ခံရ
နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူပိုင်ဆိုင်တဲ့ ရန်ကုန် မရမ်းကုန်းမြို့နယ်က နေအိမ်ကို စစ်ကောင်စီတပ်သားတွေ မနေ့ညပိုင်းက လာရောက်ချိပ်ပိတ်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူက RFA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ တစ်လလောက်ကတည်းက စစ်ကောင်စီရဲ့ စုံစမ်းထောက်လှမ်းရေးအဖွဲ့တွေ အိမ်နားမှာ လာစောင့်ကြပ်၊ ရှာဖွေတာတွေ ရှိနေပြီးနောက် အခုလို ချိပ်ပိတ်သွားတာလို့ ဆိုပါတယ်။
ဦးကျော်သူနဲ့ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်တို့ဟာ ဖမ်းဝရမ်းထုတ်ခံထားရပြီး တရားရုံးလာဖို့ ပျက်ကွက်တာကြောင့် နေအိမ်ကို ချိပ်ပိတ်ကြောင်း Myanmar Now သတင်းဌာနက ရရှိတဲ့ တရားရုံးအမိန့်စာမှာ ဖော်ပြထားပါတယ်။
ဩဂုတ်လ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး တရားရုံးကို လာရောက်ရှင်းလင်းဖို့လည်း ဆင့်ခေါ်ထားပါတယ်။
ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅ နဲ့ တရားစွဲခံထားရတာပါ။
CDM ပါတဲ့သူတွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတာကြောင့် သူတို့နှစ်ဦးဟာ လွတ်မြောက်နယ်မြေတစ်နေရာကို ထွက်ပြေးတိမ်းရှောင်နေတာ ဖြစ်ပါတယ်။