အဓမ္မပြုကျင့်ခဲ့သူတွေကို TNLA က ထောင်ဒဏ်ချမှတ်


2017.11.16
tnla-soldiers-622.JPG TNLA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာက အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကို အဓ္ဓမပြုကျင့်ခဲ့တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်သား ၂ ဦးကို တာဝန်ကနေ ရပ်စဲပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပြီလို့ TNLA က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က အရေးယူလိုက်တာဖြစ်ပြီး တောတွင်းအချုပ်မှာပဲ ဖမ်းဆီးချုပ်နှောင်ထားတယ် လို့ TNLA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က ပြောပါတယ်။

"ပြီးခဲ့တဲ့ ၁၁ ရက်နေ့က စစ်ခုံရုံးအဖွဲ့ကနေ အမိန့်ချမှတ်လိုက်တယ် ၂ ယောက်လုံးကို ထောင်ဒဏ် ၇ နှစ် တာဝန် ကနေရပ်စဲပြီး ထောင်ချလိုက်တယ်၊ တော်လှန်ရေးကာလဆိုတော့ ထောင်တော့မရှိဘူး တောတွင်းအချုပ်မှာပဲ ချုပ်ထားတယ်"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ပိုင်းက ကျောက်မဲမြို့နယ် မန်ခေါက်ရွာ အလယ်တန်းကျောင်းဝင်းထဲက ကျောင်းအုပ်ဆရာမရဲ့ နေအိမ်ကို TNLA တပ်သားနှစ်ဦးတို့က အိမ်ပြင်ဆွဲခေါ်ပြီး အဓမ္မပြုကျင့်ခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းအုပ်ဆရာမရဲ့ လက်ကိုင်ဖုန်း ၂ လုံးကိုလည်း ယူဆောင်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီ ဆရာမက ကျေးရွာက ရပ်မိ ရပ်ဖတွေနဲ့အတူ သူ့ရဲ့လက်ကိုင်ဖုန်း ၂ လုံးကို TNLA တပ်ဖွဲ့ဝင် နှစ်ယောက်က ယူဆောင်သွားကြောင်း မြို့နယ်ပညာရေမှူးရုံးမှာ တိုင်ကြားတဲ့အတွက် မေးမြန်းရာကနေ အဓမ္မပြုကျင့်မှု ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

TNLA တာဝန်ရှိသူတွေကတော့ ဖြစ်ပွားခဲ့တဲ့နေ့မှာပဲ ဖုန်း ၂ လုံးပြန်ပေးကာ ဆရာမကို ကျူးလွန်သူတွေ ကိုယ်တိုင်တောင်းပန်ခိုင်းခဲ့ပြီး ဆရာမက အလုပ်မအားတဲ့အတွက် လာရောက်နိုင်ခြင်းမရှိခဲ့ဘူးလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။