ပါတီကြီးနှစ်ခု ပြိုင်ဆိုင်မှု ပြင်းထန်မယ်လို့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ပြော
2015.10.03

လာမယ့်ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးအာဏာကို ရယူဖို့ယှဉ်ပြိုင်ရတဲ့ ပွဲဖြစ်တာကြောင့် ပါတီကြီးနှစ်ခု ပြိုင်ဆိုင်မှုပြင်းထန်မှာဖြစ်တဲ့အတွက် လုံခြုံရေးကြပ်မတ်ဖို့လိုတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောပါတယ်။
ဒီနေ့ ဟသာၤတမြို့နယ် မြို့တော်ခန်းမမှာကျင်းပတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးဆွေးနွေးပွဲမှာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
"အခုလာမယ့်ရွေးကောက်ပွဲကတော့ တိုင်းပြည်ရဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကိုရယူဖို့ ယှဉ်ပြိုင်တဲ့ ပွဲဖြစ်တဲ့အတွက် ရည်ရွယ်ချက်ရည်မှန်းချက်ကလည်း အင်မတန်ကြီးမားပါတယ်၊ ပြိုင်ဆိုင်မယ့် ပါတီကြီးနှစ်ခု ကလည်းပဲ ပြိုင်ဆိုင်မှုအဖြစ်ကြီးမားနိုင်တယ်၊ အခုစည်းရုံးရေးကာလမှာ ပြိုင်ဆိုင်မှုကြီးကြီးမားမားဖြစ်တယ်၊ ပြီးရင်လည်း ရွေးကောက်ပွဲကာလမှာလည်းပဲ ပြင်းပြင်းထန်ထန် ရှိနေပါမယ်၊ ဒါကြောင့်မို့လို့ လုံခြုံရေး ကြပ်ကြပ်မတ်မတ်နဲ့ မျှမျှတတ လွတ်လွတ်လပ်လပ် မဲပေးနိုင်အောင်ဆောင်ရွက်ဖို့ အလွန်ပဲအရေးကြီးပါတယ်"
လက်ရှိမဲဆွယ်စည်းရုံးရေးကာလမှာတင် ပြည်ခိုင်ဖြိုးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကြီး နှစ်ခုရဲ့ ပြိုင်ဆိုင်မှုက ပြင်းထန်နေပြီး ပုဂ္ဂိုလ်ရေး ပဋိပက္ခတွေ၊ အဖွဲ့အစည်းပဋိပက္ခတွေ ဖြစ်ပေါ်နေတယ်လို့လည်း ပြော ပါတယ်။
ဒီနေ့ ဆွေးနွေးပွဲကို ဟသာၤတမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊ မြို့နယ် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှုးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးတာဝန်ယူကြမယ့် အထူးရဲတွေအင်အား တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။