ဒိုင်းနက် တိုင်းရင်းသား နှစ်ဦး သေဆုံး
2017.10.23
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေ(နတလ)ကျေးရွာက တောထဲမှာ တောဝက်သွားရှာ တဲ့ ဒိုင်းနက်တိုင်းရင်းသား လေးဦးကို မနေ့ညနေက လက်နက်ကိုင်ဆောင်ထားတဲ့ အကြမ်းဖက်သမားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရခဲ့ပါတယ်။
ဒဏ်ရာရသူနှစ်ဦးကို ဘူးသီးတောင်ဆေးရုံကို ဒီနေ့ပို့ဆောင်လိုက်တယ်လို့ အောင်သပြေ(နတလ)ကျေးရွာက ကျောင်းထိုင်ဆရာတော် ဦးသုဒဿနက မိန့်ပါတယ်။
"ဦးဇင်းတို့ရွာက ဒကာလေးယောက်က တောထဲကိုသွားပြီး တောဝက်တွေ သွားရှာတယ်ပေါ့၊ အဲဒီမှာသွားတွေ့ တာပေါ့၊ တွေ့ပြီး သူတို့သတ်ဖြတ်လို့ နှစ်ယောက်ကတော့ ဦးဇင်းတို့ကျောင်းနားမှာ အလောင်းချထားတယ်၊ နောက်နှစ်ယောက်ကတော့ မောင်တောဆေးရုံရောက်တယ်၊ မောင်တောဆေးရုံမှာ ခွဲစိတ်ဆရာဝန်မရှိလို့ ဘူးသီးတောင်ကို ရောက်ပြီ၊ သေနတ်ဒဏ်ရာပေါ့"
ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာဟာ နယ်ခြားမိုင်တိုင်အမှတ် ၄၆ နဲ့ ၄၇ ကြားမှာဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကိုင် ၂၀ ဝန်းကျင်လောက်က တဘက်နိုင်ငံဘက်ခြမ်းကနေ ဝင်ရောက်ပစ်ခတ်တာ ဖြစ်တယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။
အဲဒီလိုပစ်ခတ်ခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာတဲ့ ရွာခံနှစ်ဦးက ကျေးရွာသားတွေကို ခေါ်ယူပြီး အခင်းဖြစ်နေရာကို ပြန်လည်သွားရောက်ရှာဖွေခဲ့ရာမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသူနှစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။
ရွာသားတွေ ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့တွေထံ အကြောင်းကြားထားတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။
အောင်သပြေကျေးရွာဟာ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တည်ထောင်ထား တဲ့ အိမ်ခြေ ၁၃၀ ကျော်ရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး မောင်တောမြို့နဲ့ဆို မိုင် ၅၀ လောက် ဝေးပါတယ်။
အခုလို လူနည်းစု ဒိုင်းနက်တိုင်းရင်းသားတွေ ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။