သဘာဝဘေးကြောင့် နှစ်စဉ် ကန်ဒေါ်လာ ၂ ဘီလီယံဖိုး ဆုံးရှုံးနိုင်
2017.03.31

မြန်မာနိုင်ငံမှာ သဘာဝဘေးကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံဖိုးလောက် ပျက်စီး ဆုံးရှုံးနိုင်တယ် လို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
နေပြည်တော်က Park Royal Hotel မှာ ဒီကနေ့ ကျင်းပတဲ့ သဘာဝဘေး ရင်ဆိုင်တုန့်ပြန်နိုင်စွမ်း မြင့်မားစေရေး အမျိုးသားအဆင့်မူဘောင် စာအုပ်မိတ်ဆက်ပွဲအခမ်းအနားမှာ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဲဒီလိုပြော တာဖြစ်ပါတယ်။
ဒီကနေ့မိတ်ဆက်တဲ့ မူဘောင်မှာဖော်ပြထားတဲ့ လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ၊ လူမှုကာ ကွယ်စောင့်ရှောက်ရေး အစီအစဉ်တွေနဲ့ လူထုဦးဆောင်တဲ့ သစ်တောစိုက်ခင်းတွေကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့အတွက် အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ လိုအပ်တဲ့ အရင်းအမြစ်တွေ ရရှိအောင် ကြိုးစားပေးကြဖို့လည်း ဝန်ကြီး က တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိလုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ သဘာဝဘေးကြောင့် ထိခိုက်ဆုံး ရှုံးနိုင်ခြေ လျော့ပါးစေရေးလုပ်ငန်းတွေကို ထပ်မံအားဖြည့်သွားဖို့အတွက်လည်း ဒေါက်တာဝင်းမြတ်အေး က တိုက်တွန်းသွားပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၀ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးတွေကြောင့် လူဦးရေ ၁ သိန်း ၄ သောင်းနီးပါး အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လူဦးရေ ၅ သန်းကျော်ရဲ့ ဘဝတွေနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ထိခိုက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဘီလီယံဖိုး လောက်ရှိတယ်လို့ သိရပါတယ်။
အစိုးရအနေနဲ့ လာမယ့် ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်အတွက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ရန်ပုံငွေ အဖြစ် ငွေကျပ် ဘီလီယံ ၂၀ လျာထားတယ်လို့ သိရပါတယ်။