သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပေါ်ပေါက်ရေး နိုင်ငံရေးအကျဉ်းသားများ တောင်းဆို

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်း သားတွေနဲ့ အစိုးရ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာဖို့ တိုက်တွန်းကြောင်း နိုင်ငံရေးအကျဉ်းသားတွေက သဘောထားထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

2011.09.10

နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက်က မနေ့က ထုတ်ပြန်တဲ့ “အကျဉ်းချခံ နိုင်ငံရေးအကျဉ်းသားများမှ လတ်တလော နိုင်ငံရေးအခြေအနေ သဘောထား ထုတ်ပြန်ချက်” ထဲမှာ အဲဒီလို ဖော်ပြထားတာပါ။

အဲ့ဒီ ကြေညာချက်ထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ကို ကိုယ်စားပြုတယ်လို့ ဖော်ပြ မထားပေမယ့် ဒီ ကြေညာချက်ဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဆန္ဒသဘောထားတွေ ဖြစ်ပါတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက်ရဲ့ ပြန်ကြားရေးဌာန တာဝန်ခံ မခင်မိမိခိုင်က ပြောပါတယ်။

“တွေ့ဆုံဆွေးနွေးရေး အခြေအနေတွေပေါ်မှာ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံပါတယ်။ သို့သော် သတိထားဖို့ ဆိုတဲ့အခြေအနေကို အဓိက ဖော်ပြထားပါတယ်။ နောက်တခုက တိုင်းရင်းသားတွေနဲ့ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို မှန်မှန်ကန်ကန်နဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်”

ဒီကြေညာချက်ထဲမှာ ဒေါ်ဆောင်ဆန်းစုကြည်နဲ့ အစိုးရသစ်တို့ တွေ့ဆုံမှုတွေကို မူအားဖြင့် ကြိုဆိုပေမယ့် သတိရှိဖို့ တိုက်တွန်းထားပါတယ်။

အခုအစိုးရသစ်မှာ အရင် နအဖအစိုးရလက်ထက်က လူဟောင်းတွေ ပါဝင်ပြီး လယ်ယာ မြေသိမ်းပိုက်တာတွေ၊ အိမ်ယာ ပြောင်းရွှေ့တာတွေ၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေတာတွေနဲ့ ကလေးစစ်သားကိစ္စ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ကိစ္စတွေ ခုချိန်အထိ ရှိနေတဲ့အပြင် သက်ကြီးရွယ်အိုနဲ့ အမျိုးသမီး နိုင်ငံရေး အကျဉ်းသားတွေကို ကျန်းမာရေး စောင့်ရှောက်မှု မပေးတာတွေလည်း ရှိနေတာကြောင့် အစိုးရသစ်ကို အယုံအကြည် မဲ့စေတယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက်က ကိုအောင်ဇော်ထွန်းကို ဦးနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။