လယ်သမား ၃၃ ဦးအမှု စတင်ရုံးထုတ်စစ်ဆေး


2013.11.26

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က လယ်သမား ၃၃ ဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ အေရှားဝေါကုမ္ပဏီ ရဲ့ လက်အောက်ခံ ဂရင်းအေရှားကုမ္ပဏီက တရားစွဲဆိုထားတဲ့အမှုကို ဒီနေ့ ဒဂုံမြို့သစ်(တောင်ပိုင်း) တရားရုံးမှာ စတင်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လယ်သမားတွေ အကျိုးတူလယ်လုပ်ကိုင်ခွင့် သဘောတူထားတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်က လယ် ၃ ဧကပေါ်မှာ လယ်သမားတွေက ဝင်ရောက်ထွန်ယက်ခဲ့လို့ အဲဒီကုမ္ပဏီဘက်က ပိုင်နက်ကျူးကျော်မှုနဲ့ ပြီးခဲ့တဲ့မေလကတည်းက တရားစွဲဆိုခဲ့တာပါ။

ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့တာနဲ့ ပတ်သတ်ပြီး လယ်သမားတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးဖိုးဖြူက ဒီအမှုဟာ ဥပဒေကြောင်းအရ မညီညွတ်ကြောင်း RFA ကို ပြောပါတယ်။

“အေရှားဝေါကုမ္ပဏီရဲ့ အမည်ခွဲဖြစ်တဲ့ ဂရင်းအေရှားကုမ္ပဏီက မန်နေဂျာဖြစ်သူက တရားလိုပြုလုပ်ပြီးတော့ တရားစွဲပါတယ်ခင်ဗျ၊ အမှုပေါင်း ၇ မှုပါ၊ လယ်သမားပေါင်း ၃၃ ဦးကို တရားစွဲတာဖြစ်ပါတယ်၊ အမှုဖြစ်စဉ်က တစ်ခုတည်းဖြစ်နေပါလျှက်နဲ့ အမှုပေါင်း ၇ ခုခွဲ စွဲတာဟာ ဥပဒေနဲ့ညီညွတ်ခြင်းမရှိတဲ့ အမှုစွဲဆိုခြင်းဖြစ်တယ်လို့ ကျနော်မြင်မိပါတယ်”

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က အဲဒီလယ်မြေဧကတစ်သောင်းကျော်မှာ ကုမ္ပဏီပေါင်း ၁၆ ခုနဲ့ လယ်ပိုင်ရှင်တို့ အကျိုးတူလုပ်ကိုင်ခွင့် စာချုပ်ချုုပ်ခဲ့ကြတာဖြစ်ပြီး ၃ နှစ်ပဲ အကျိုးတူလုပ်ကိုင်မယ်လို့ သဘောတူခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့လည်း ကုမ္ပဏီဘက်က လယ်လျော်ကြေး( ဂရုဏာကြေး) အနေနဲ့ စာချုပ်ချုပ်ဆိုစဉ်က တစ်ဧက ကျပ် ၅ သောင်းဝန်းကျင်ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကုမ္ပဏီဘက်က သူတို့ပိုင်တဲ့လယ်မြေတွေပေါ်မှာ လယ်သမားတွေက ဝင်ရောက်ထွန်ယက်တဲ့အတွက် ခုလိုတရားစွဲဆိုတာ ဖြစ်တယ်လို့ သိရပါတယ်။

လယ်သမားတွေဘက်ကလည်း ကုမ္ပဏီဘက်ကို တိုင်းတရားရုံးထိ ပြန်လည်တရားစွဲဆိုခဲ့ပေမဲ့လည်း လက်ခံခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီနေ့ တရားရုံးဆုံးဖြတ်ချက်အရ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ တရားလိုကို ပြန်လည်စစ်ဆေးမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။