တိုတယ်ကုမ္ပဏီ ထွက်ခွာမှုကြောင့် စစ်ခေါင်းဆောင်တွေ ဝင်ငွေတိုးလာနိုင်ကြောင်း HRW သတိပေး

2022.07.19
တိုတယ်ကုမ္ပဏီ ထွက်ခွာမှုကြောင့် စစ်ခေါင်းဆောင်တွေ ဝင်ငွေတိုးလာနိုင်ကြောင်း HRW သတိပေး ပြင်သစ်နိုင်ငံတွင်တည်ရှိသော Total ကုမ္ပဏီရုံးချုပ်။
Photo: Reuters

ဒီနေ့ ဇူလိုင်လ ၂၀ရက်နေ့မှာ ပြင်သစ်ရေနံကုမ္ပဏီ တိုတယ်ဟာ မြန်မာနိုင်ငံကနေ တရားဝင်ထွက်ခွာတော့မှာ ဖြစ်ပြီး၊ တိုတယ် ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုအချို့ကို မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကနေ လွှဲပြောင်းရယူတော့မှာ ဖြစ်တဲ့အတွက် စစ်ခေါင်းဆောင်တွေအတွက် ဝင်ငွေတိုးလာနိုင်ကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ကြေညာချက်ထုတ်ပြန်ပြီး သတိပေးလိုက်ပါတယ်။

တိုတယ်ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းရယူလိုက်တဲ့အတွက် စစ်တပ်က ထိန်းချုပ်ထားတဲ့ ရတနာ သဘာဝဓာတ်ငွေ့တူးဖော်ရေးနဲ့ ပိုက်လိုင်းလုပ်ငန်းမှာ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ရဲ့ ပိုင်ဆိုင်မှု ၂၁.၈ ရာခိုင်နှုန်းအထိ တိုးလာမှာဖြစ်ပြီး၊ ဒီ ပိုင်ဆိုင်မှုတွေကြောင့် မြန်မာစစ်ခေါင်းဆောင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ဖို့ ဘဏ္ဍာငွေအရင်းအမြစ်တွေ တိုးလာမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကနေ ထွက်ခွာမယ့် အခြားစွမ်းအင်ကုမ္ပဏီတွေအနေနဲ့ မြန်မာစစ်တပ်ကို အကျိုးအမြတ်ရအောင် လုပ်မိတာမျိုးမဖြစ်စေဘဲ တာဝန်သိသိနဲ့ ထွက်ခွာကြဖို့ လိုတယ်လို့ HRW ရဲ့ ပြင်သစ်နိုင်ငံ ဒါရိုက်တာ Bénédicte Jeannerod က ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေဟာ ရတနာ၊ ရဲတံခွန်နဲ့ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွေကနေရတဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်နဲ့ ထိုင်းနိုင်ငံတွေကို ပိုက်လိုင်းနဲ့တင်ပို့နေပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ရရှိနေတဲ့အတွက် အကြီးမားဆုံး ဝင်ငွေရင်းမြစ်ဖြစ်တယ်လို့ HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုတယ်ရေနံကုမ္ပဏီဟာ အမေရိကန်ရေနံကုမ္ပဏီ Chevron၊ ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီတွေနဲ့ အတူပူးပေါင်းပြီး မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်က ရတနာ သဘာဝဓာတ်ငွေ့တူးဖော်ရေးနဲ့ ပိုက်လိုင်းစီမံကိန်းကို လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာနိုင်ငံမှာ တစ်စထက်တစ်စ ပိုဆိုးလာတဲ့ လူ့အခွင့်အရေးအခြေအနေတွေကြောင့် မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ အားပေးကူညီမှုတွေ မလုပ်နိုင်တော့တဲ့အတွက် ၆ လအတွင်း ထွက်ခွာတော့မှာ ဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

တိုတယ်ကုမ္ပဏီ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မှာ ဖြစ်တဲ့အကြောင်း ကြေညာခဲ့ပြီးတဲ့နောက်၊ အမေရိကန်ပိုင် ချက်ဗရွန်ကလည်း မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဆန္ဒရှိနေကြောင်း ကြေညာထားပြီး၊ ထွက်ခွာမယ့် အစီအစဉ်အသေးစိတ်ကို ထုတ်ပြန်တာ မရှိသေးပါဘူး။

အလားတူပဲ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ စွမ်းအင်ကုမ္ပဏီတွေ ဖြစ်တဲ့ Woodside, Mitsubishi, Petronas နဲ့ ENEOS တို့ကလည်း သူတို့ ပိုင်ဆိုင်တဲ့ စီမံကိန်းတွေကို ရပ်နားတော့မှာ ဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့လတွေအတွင်းက ကြေညာခဲ့တယ်လို့ HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ထွက်ခွာမယ့် လုပ်ငန်းတွေဟာ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို မြန်မာစစ်တပ်ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်မသွားအောင် သတိထားကြဖို့နဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည်ရောင်းချရာမှာလည်း လူ့အခွင့်အရေးစံနှုန်းတွေကို လေးစားလိုက်နာပြီး နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ကင်းလွတ်တဲ့ ကုမ္ပဏီတွေကိုပဲ ရောင်းချကြဖို့ HRW က တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။