ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖေဖော်ဝါရီ ၁၈ မှာ နေအိမ်သစ်ပြောင်းမည်

မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လာမဲ့သီတင်းပတ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ကစလို့ ကာကွယ်ရေး ဝန်ကြီးဌာနဝင်း အပြင်ဖက်က နေအိမ်သစ်မှာ ပြောင်းရွှေ့ နေထိုင်တော့မှာ ဖြစ်တယ်လို့ နေပြည်တော် ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

2011.02.14
than_shwe_house_naypyidaw_305_z.png စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နေအိမ်သစ်ဟု ယူဆရသော အမိုးနီ အဆောက်အအုံကို ဂြိုဟ်တုဓာတ်ပုံမှ တွေ့မြင်ရပုံ ဖြစ်ပါသည်။ (RFA image)
(RFA image)

ဗိုလ်ချုပ်မှူးကြီးနဲ့ မိသားစုဟာ လက်ရှိနေထိုင်တဲ့ နေပြည်တော် စစ်ရုံးချုပ်ဝင်းအတွင်းနေအိမ်ကနေ နေပြည်တော် မြို့လယ် ပုဗ္ဗာသီရိမြို့ ဟိုတယ်ဇုံအနီး တည်ဆောက်ထားတဲ့ နေအိမ်ကို ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။ စစ်ရုံးချုပ် နေအိမ်က ပစ္စည်းတွေ အားလုံးနီးပါးကို ပြောင်းရွှေ့ထားပြီး ဖြစ်ပေမဲ့ လူပြောင်းရွှေ့ဖို့ အတွက် နေ့ကောင်းရက်သာ ရွေးချယ်နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ အခုလို တပ်အပြင်က နေအိမ်သစ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်တာဟာ ပေါ်ပေါက်လာမဲ့ အစိုးရအဖွဲ့သစ်နဲ့ တပ်မတော်ကို ကန့်လန့်ကာ နောက်ကွယ်ကနေ ကြိုးကိုင်သွားဖို့ ပြင်ဆင်တာ ဖြစ်တယ်လို့ မြန်မာ့ စစ်ရေး လေ့လာသူ ဦးဌေးအောင်က သုံးသပ်ပါတယ်။

“အဲဒီ ဝင်းထဲမှာ ဒီ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိမ်ရှိတယ်၊ သူ့အိမ်က ဒီအိမ်ရှေ့မှာလည်း အဝိုင်းကြီး ရှိတယ်ပေါ့နော်။ ပြီးတော့ ရေကူးကန်တို့၊ အိမ်ကြီးရဲ့ ဘေးမှာလည်းပဲ သူ့ရဲ့ မိသားစုဝင်တွေနဲ့ ဧည့်သည်တွေ လာရင် တည်းဖို့နဲ့ တူတယ်၊ အိမ်ကြီးတလုံး ရှိတယ်။ ဒါ့အပြင် သူနဲ့ မလှမ်းမကမ်းမှာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး အိမ်ရှိတယ်၊ နောက်တခါ သူတို့နဲ့ ဖိုခနောက်ဆိုင်ပေါ့နော်၊ ကြည်း ရေ လေ ကွပ်ကဲညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းရဲ့ အိမ် ရှိခဲ့တယ်လေ။”

“အဲဒီတော့ အခု သူတို့တွေ အားလုံးက လက်ရှိ တပ်ရာထူးတွေကနေပြီးတော့ ဒီ ကန့်လန့်ကာ နောက်ကွယ်ကို ဝင်တဲ့လူကဝင်၊ တချို့ကလည်း ဒီ လွှတ်တော်တို့ ဘာတို့မှာ ဥက္ကဋ္ဌတို့ ဘာတို့ လုပ်တဲ့လူက လုပ်ဆိုတော့ အဲဒီ နေရာတွေကို နောက် အသစ်တက်မဲ့ သူတို့ စိတ်ကြိုက် ရွေးချယ်ထားတဲ့ ဒီ ဗိုလ်ချုပ်တွေကို လွှဲပေးပြီးတော့ သူတို့က အသင့် ဆောက်ထားတဲ့ တခြား အိမ်တွေကို ပြောင်းရွှေ့ဖို့ ပြင်တာ ဖြစ်နိုင်ပါတယ်။”

“ဆိုလိုတာကတော့ သူတို့ သတ်မှတ်ထားတဲ့အတိုင်း သူတို့ လူတွေ သူတို့ အကုန် နေရာချထားပြီး ဖြစ်တဲ့အတွက်ကြောင့် ဒီကန့်လန့်ကာရဲ့ နောက်ကွယ်ကို ဝင်တဲ့ အနေအထားမျိုး ဖြစ်နိုင်တယ်လို့ ကျွန်တော် ယူဆပါတယ်။”

ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ မိသားစုကတော့ ပြီးခဲ့တဲ့လကတည်းက စစ်ရုံးချုပ် နေအိမ်ကနေ အဲဒီ ပုဗ္ဗာသီရိအရပ်မှာ တည်ဆောက်ထားတဲ့ သီးသန့် နေအိမ်သစ်ကို ပြောင်းရွှေ့သွားပြီး ဖြစ်တယ်လို့ သိရပါတယ်။

နေပြည်တော်မြို့လယ်က အချက်အချာကျတဲ့ ဟိုတယ်ဇုံအနီးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်နဲ့ ခေတ်မီ အထူးသီးသန့် နေအိမ်သစ် ၆ လုံးကို ဆောက်လုပ်ထားတယ်လို့ နေပြည်တော်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-02-17 03:55

သူတို.တွေကတော့နေအိမ်အကောင်းစားတွေကိုယ့်လုပ်ချင်တာတွေအကုန်လုပ်နေတယ်ဒီပြည်သူတွေကတော့ငတ်နေရတယ်ဘာလုပ်လုပ်စားမလောက်လို.လောင်းကစားအသေးအမွှားလေလုပ်တော့ပိတ်တဲ့ရွှေဘောလုံးတွေကအသံချဲ.စက်တွေနဲ.ကတော့သူပိုင်ရာဆိုင်ရာနဲ.တဲ့ လူကြီးမင်းများစဉ်းစားကြည့်ပေးကြပါအုံးနော်