ရန်ကုန်နဲ့ မန္တလေးက ရွှေဆိုင်နဲ့ ရွှေလုပ်ငန်း ခုနစ်ခုကို စစ်ကောင်စီအရေးယူ
2024.04.03

ရန်ကုန်နဲ့ မန္တလေးမြို့တွေက ရွှေဆိုင်နဲ့ ရွှေသန့်စင်လုပ်ငန်း လုပ်ငန်းခုနစ်ခု ညွှန်ကြားချက် မလိုက်နာတာကြောင့် အရေးယူထားတယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ရွှေနဲ့ ငွေကြေးဈေးကွက် ကြီးကြပ်ရေးကော်မတီက ဧပြီလ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
အရေးယူထားတဲ့ ရွှေဆိုင်နဲ့ ရွှေလုပ်ငန်း ခုနစ်ခုဟာ ရွှေရောင်းဝယ်ရေးအသိအမှတ်ပြုလက်မှတ် မရှိဘဲ လုပ်ငန်းဆောင်ရွက်နေတာကြောင့်လို့ ဆိုပါတယ်။
အရေးယူခံရတဲ့ ရွှေလုပ်ငန်းတွေအထဲ ရန်ကုန်မြို့က မောင်ကိန်းရွှေဆိုင်၊ နယူးတိုင်စင်ရွှေဆိုင်နဲ့ ခရမ်းသုံးခွရွှေဆိုင် မန္တလေးမြို့က ရွှေစင်ဝင်း ရွှေသန့်စင်လုပ်ငန်း၊ ရွှေမင်းသား ရွှေလှော်ဖိုလုပ်ငန်း၊ မန်းစံပယ် ရွှေရောင်းဝယ်ရေးလုပ်ငန်းနဲ့ မြန်မာရွှေ ရွှေဆိုင်လုပ်ငန်းတို့ ပါဝင်ပါတယ်။
ရွှေရောင်းဝယ်ရေး အသိအမှတ်ပြုလက်မှတ်မရှိဘဲ အရောင်းအဝယ်မလုပ်ဖို့ သတိပေးလက်မှတ်ထိုးခိုင်းတာနဲ့ လုပ်ငန်းယာယီရပ်ဆိုင်းတာတွေ လုပ်ခဲ့တယ်လို့ ရွှေနဲ့ ငွေကြေးဈေးကွက် ကြီးကြပ်ရေးကော်မတီက ပြောပါတယ်။
ဒီအပြင် ရွှေနဲ့ ငွေကြေးဈေးကွက်မှာ သတင်းမှားတွေဖြန့်ပြီး မငြိမ်မသက်ဖြစ်အောင်လုပ်နေသူတွေကိုလည်း စစ်ဆေးအရေးယူမယ်လို့ ဆိုပါတယ်။
ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ၄၅ သိန်းကျော်အထိ စံချိန်တင် ဈေးမြင့်တက်ခဲ့တာပါ။
ရန်ကုန်မြို့က ရွှေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကတော့ အခုအရေးယူမှုမှာ ရွှေဆိုင်လုပ်ငန်းကြီးတွေ ပါဝင်လာတာကြောင့် ပြည်တွင်းရွှေဈေးကွက် ပြန်ငြိမ်လာမယ့်အခြေအနေရှိတယ်လို့ RFA ကို ပြောပါတယ်။
“ဒီလို ဆိုင်ကြီးတွေပါ အရေးယူခံလာရတော့ ရွှေဈေးကတော့ ငြိမ်သွားမယ်။ နောက်ထပ်လည်း အရေးယူဖို့ ရှိဦးမယ်ထင်တယ်။ လေပတ်ကားနဲ့ အရောင်းအဝယ်လုပ်သူတွေကို စုံစမ်းနေပြီဆိုတော့လေ”
စစ်ကောင်စီရဲ့ ဗဟိုဘဏ်က မတ်လ ၁၁ ရက်နေ့ကစလို့ နိုင်ငံခြားငွေလဲလုပ်ငန်းတွေကိုလည်း ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ဒေါ်လာနဲ့ ရွှေဈေးကစားသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။