စန္ဒရား တင်ဝင်းလှိုင် ပြောကြားချက်တွေနဲ့ပတ်သက်ပြီး မြန်မာ့အသံညွှန်ချုပ် သတင်းစာရှင်းလင်း
2018.03.28

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေအပေါ် မတ်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲမှာ အကောင်းဆုံးအသံဆု အကယ်ဒမီ ရရှိခဲ့တဲ့ စန္ဒရား ဦးတင်ဝင်းလှိုင်ရဲ့ ပြောကြားချက်တွေဟာ မဟုတ်မှန်ကြောင်း ဒီကနေ့ ရန်ကုန်မြို့၊ ပြည်လမ်း၊ ဟံသာဝတီအဝိုင်းနားက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဝန်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
ရှင်းလင်းပွဲမှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး က ဦးတင်ဝင်းလှိုင်အနေနဲ့ သူ့ရဲ့ပြောကြားချက်တွေကို ပြန်လည်တောင်းပန်ဖို့ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး က ပြောကြားခဲ့ပါတယ်။
"ကျနော်တို့ဌာနတွေမှာ သူပြောထားတဲ့ဟာတွေက မမှန်တဲ့ဟာတွေဖြစ်ပါတယ်၊ အဲဒီအတွက် သူဟာ သတ္တိရှိရှိနဲ့ ပြန်တောင်းမှန်ရဲတဲ့သတ္တိ သူ့မှာရှိရလိမ့်မယ်လို့ ယူဆပါတယ်"
စန္ဒရား ဦးတင်ဝင်းလှိုင်က မြန်မာ့အသံမှာ သူ့ရဲ့ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ်မလွှင့်တာ တစ်နှစ်လောက် ကြာပြီဖြစ်တဲ့အကြောင်း၊ RCA ဓာတ်ပြားစက်မှာသုံးတဲ့ အပ်တစ်ချောင်းမှ မရှိတော့တဲ့အကြောင်း၊ ဗမာ့သံမြေကြီးထဲ မြုပ်သွားတော့မယ့်အကြောင်း၊ ဗမာသံစဉ်သီချင်းတွေ ကူးရာမှာ ပိုက်ဆံပေးရကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့် အနားကပ်လို့မရတဲ့အကြောင်းနဲ့ တပ်မတော်ကနေ အရပ်ဘက်ကို ပြောင်းလာတဲ့သူတွေအကြောင်းကို ပြောကြားခဲ့တာဖြစ်ပါတယ်။
စန္ဒရား ဦးတင်ဝင်းလှိုင်ရဲ့ ပြောကြားချက်တွေဟာ တစ်ခုမှ မဟုတ်မှန်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပရိုဂျက်တာနဲ့ ပြန်လည်းရှင်းလင်းခဲ့ပြီး စန္ဒရား ဦးတင်ဝင်းလှိုင်ကိုလည်း အိတ်ဖွင့်ပေးစာ ပေးပို့ထားတဲ့အပြင် နိုင်ငံပိုင် မီဒီယာတွေကနေလည်း အသိပေးကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။