ကြံ့ခိုင်ရေး လွှတ်တော်အမတ်ကို NLD က ပုဒ်မ ၅၀၅ (ခ) နဲ့တရားစွဲတာ တရားရုံးလက်ခံ
2019.01.18

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်က မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ကို ရမည်းသင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒု-ဥက္ကဋ္ဌ က ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆို ထားတာကို ဒီကနေ့ တရားရုံးက လက်ခံလိုက်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ပျော်ဘွယ်မြို့နယ် ကြက်တည်ရွာမှာ ပြည်သူတွေကို ဘာသာရေး၊ လူမျိုးရေးအရ မဟုတ်မမှန်တာတွေကို ဟောပြောခဲ့ပြီး ပြည်သူတွေ အထိတ်တလန့်ဖြစ်စေတာမို့ ရမည်းသင်းခရိုင် NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးညီညီလွင်က ပျော်ဘွယ်မြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ခဲ့တာ ဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီး NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ညွှန်ကြားချက်အပါအဝင် ဦးညီညီလွင် ကိုယ်တိုင်ကလည်း အမှုဖွင့်လိုတဲ့အတွက် အခုလို တရားစွဲလိုက်တာဖြစ်ပြီး တစ်ဖက်ပါတီကို မလိုလားလို့ မဟုတ်ဘူးလို့ ဦးညီညီလွင်က RFA ကို ပြောပါတယ်။
ပြည်သူ့ကိုယ်စားလှယ်တစ်ဦးဟာ ဒေသဆိုင်ရာလုပ်ငန်းတွေ ကွင်းဆင်းလုပ်ဆောင်နေစဉ် ဒီမိုကရေစီစနစ်မှာ အခုလို လုပ်ဆောင်နေသူတွေကို တရားစွဲတာဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နောက်ပြန်ဆွဲနေ တာလားလို့ သံသယဖြစ်မိတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရသူ ဦးသိန်းထွန်းဦးက RFA ကို ပြောပါတယ်။
တရားစွဲခံရသူ ဦးတင်စိုးဟာ လက်ရှိကျန်းမာရေးမကောင်းဖြစ်နေတာမို့ ဒီကိစ္စနဲ့ပတ်သက်လို့ သူကတာဝန်ယူ ဖြေကြားပေးနေတာလို့လည်း ဦးသိန်းထွန်းဦးက ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။