ဝက်မှေးရွာက မသွဲ့သွဲ့ဝင်းတို့ကို ငွေဒဏ်အမိန့်ချ
2019.02.27

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ဝက်မှေးကျေးရွာက မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနဲ့ မစန်းလှတို့ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၃၃၂ ကို ပလပ်လိုက်ပြီး ပုဒ်မ ၃၄၁ အတွက် ဒဏ်ငွေ ကျပ် ၅ သောင်းစီ ပေးဆောင်ဖို့ ဒီကနေ့မှာ မြို့နယ်တရားရုံးက အမိန့်ချလိုက်တာဖြစ်ပါတယ်။
ဆားလင်းကြီးမြို့မရဲစခန်း ရဲအုပ်ဝင်းနိုင်ထွန်းက တောင်သူ အမျိုးသမီး ၃ ယောက်ဖြစ်တဲ့ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနဲ့ မစန်းလှတို့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၄၁ မတရား တားဆီးကာကွယ်မှု၊ ဝန်ထမ်းတွေကို နာကြင်စေမှု ပုဒ်မ ၃၃၂ တို့နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။
ဝန်ထမ်းကိုထိခိုက်နာကျင်စေမှုပုဒ်မကို ကျူးလွန်တာမရှိဘဲ တရားစွဲခံရ၊ အချုပ်ကျခံရ၊ တရားရင်ဆိုင်ရတဲ့သူတွေ အတွက် အများကြီးနစ်နာတယ်လို့ မဖြူဖြူဝင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ မတ်လ တုန်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာနဲ့ မလွတ်ကင်းတဲ့ ဝက်မှေးကျေးရွာက နေအိမ် ၇ လုံးကို ပြောင်းရွှေ့တဲ့အခါ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ။
အဲဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ ဦးဆောင်သူတွေကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဒီနေ့ တရားရုံးမှာ မသွဲ့သွဲ့ဝင်းတို့ ၃ ဦးကို လာရောက်ဝန်းရံတဲ့ သူတွေက ငွေဒဏ်အတွက် စုပေါင်းပြီး ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။