ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်သူတွေ ခြိမ်းခြောက်ခံရ


2018.03.04
dimoso-cement-622.jpg စီမံကိန်းကို ကန့်ကွက်ကြောင်း စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံထားရတာကို တွေ့ရစဉ်
ဓါတ်ပုံ - ကိုဒီးဒီး

ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်က ဝါသောခူကျေးရွာအုပ်စုအနီးမှာ တည်ဆောက်မယ့် ဘိလပ်မြေစက်ရုံစီမံကိန်း နဲ့ ထုံးကျောက်တူးဖော်ရေးလုပ်ငန်းကို ကန့်ကွက်နေသူတွေ ဖိအားပေး ခြိမ်းခြောက်ခံရတာတွေရှိတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။

ကန့်ကွက်မှုတွေ ဆက်မလုပ်ဖို့ဆိုပြီး လက်နက်ကိုင်တချို့က ခေါ်ပြောတာ ဖိအားပေးခြိမ်းခြောက်တာတွေ ရှိတယ်လို့ ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ကိုဒီဒီး က ပြောပါတယ်။

"ဖိအားပေးခံရတာတော့ရှိတာပေါ့၊ အထူးသဖြင့် အဲဒေသမှာရှိတဲ့ လက်နက်ကိုင်အချို့နဲ့ ဆက်စပ်တဲ့ လူတွေ၊ နောက်လက်နက်ကိုင်တဲ့လူတချို့ကနေမှ ဖိအားပေးတာတွေရှိတယ်၊ ခြိမ်းခြောက်တာတွေရော ရှိတယ်ပေါ့၊ ဒီအရပ်ဖက်ထဲကဆိုရင် အိမ်တောင်ပြန်မအိပ်ရဲတဲ့ လူတွေတောင်ရှိတယ်၊ ဒေသခံကို လည်း ခေါ်ပြီးတော့ ပြောတာတွေပေါ့နော်၊ ခြိမ်းခြောက်တယ်ပဲ ပြောရမှာပေါ့နော်၊ ဆက်မလုပ်ဖို့တို့ ဘာညာ ခြိမ်းခြောက်တာတွေ ရှိနေတယ်"

ဒေသအခြေစိုက် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အဖွဲ့နာမည်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ဒါ့အပြင် စီမံကိန်းကို ကန့်ကွက်ကြောင်း စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းက ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ကုမ္ပဏီဘက်က ပွင့်လင်းမြင်သာမှုမရှိသလို စီမံကိန်း အကောင်အထည်ဖော်တဲ့အခါ ရေအရင်းအမြစ်တွေနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှာကို စိုးရိမ်တာကြောင့် ကန့်ကွက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစီမံကိန်းကို ကန့်ကွက်တဲ့ လက်မှတ်ပေါင်း ၇ ထောင် နီးပါးရရှိထားပြီး အဲဒီလက်မှတ်တွေနဲ့အတူ ပြည်နယ် အစိုးရအဖွဲ့နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ထံ ပေးပို့သွားဖို့စီစဉ်ထားတယ်လို့ ကိုဒီဒီး က ပြောပါတယ်။

Square Power Group ကုမ္ပဏီက တစ်ရက်ကို ဘိလပ်မြေအိတ် ၈ သောင်း လောက် ထွက်ရှိမယ့် စီမံကိန်းကို အကောင်အထည်ဖော်မှာဖြစ်ပြီး ဒေသခံတွေနဲ့ တေ့ွဆုံညှိနှိုင်းမှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

အဲဒီစီမံကိန်းတွေကို ကရင်နီပြည်လူငယ်များသမဂ္ဂ၊ ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂအပါအဝင် ဒေသ အခြေစိုက် အရပ်ဖက်အဖွဲ့ ၄ ဖွဲ့နဲ့ ဒေသခံတွေက ကန့်ကွက်နေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။