ဝါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့်ဈာပန ကျင်းပ

ဝါရင့် နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် ရုပ်ကလာပ်ကို ရေဝေးသုသာန်မှာ ဒီနေ့ ညနေ ၄ နာရီက သြင်္ဂိုဟ်ခဲ့ရာမှာ ပရိသတ် တထောင်လောက် တက်ရောက်တယ်လို့ အခမ်းအနားကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ရန်ကုန်က မဂ္ဂဇင်းအယ်ဒီတာ ဦးထွန်းဝင်းငြိမ်းက ပြောပါတယ်။

2010.09.19
thakin_Ohn_Myint_funeral_305_z ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကွယ်လွန်သွားသည့် ဝါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် (အသက်- ၉၃ နှစ်) ၏ ဓာတ်ပုံကို ဈာပန အခမ်းအနားတွင် တွေ့ရပုံ။ (Photo: demowaiyen- Japan)
demowaiyen- Japan

“NLD အဖွဲ့ဝင် အတော်များများလည်း တွေ့ပါတယ်။ ဦးတင်ဦး၊ ဆရာဦးဝင်းတင်တို့ NLD စီအီးစီ တော်တော်များများ တွေ့ပါတယ်။ နောက် နိုင်ငံရေးသမားဟောင်းကြီးတွေ တော်တော်များများ လာကြတယ်။ ကျန်တဲ့ နိုင်ငံရေးပါတီတွေက လူတွေလည်း လာကြပါတယ်။ အများဆုံးကတော့ လူငယ်ကျောင်းသားတွေ လာကြတာ တွေ့ရတယ်။ အဘဦးအုန်းမြင့်ရဲ့ ကိုယ်ရေး အချက်အလက်တွေ ပါတဲ့ Pamphlet လည်း သူ့မိသားစုက ဝေတယ်။ ဆရာ ပန်းချီမောင်ညိုဝင်း ရေးဆွဲထားတဲ့ အဘရဲ့ ပုံတူပန်းချီကားကြီးလည်း တွေ့ရတယ်”

NLD လူမှု အထောက်အကူပြု အဖွဲ့ ဒုတိယဥက္ကဌ သခင်အုန်းမြင့်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရင်းနှီးသူဖြစ်ပြီး ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကို ကွယ်လွန်ချိန်အထိ အနီးကပ် စောင့်ရှောက်ခဲ့သူပါ။ NLD ပါတီဝင် မဟုတ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မိသားစုဝင်တဦး ပမာ ရင်းနှီးသူ ဖြစ်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ဈာပနအခမ်းအနားမှာ သခင်အုန်းမြင့်ရဲ့ နိုင်ငံရေးနဲ့ လူမှုရေး ဆောင်ရွက်ချက်တွေအပေါ် ဂုဏ်ပြုတဲ့အနေနဲ့ ကြွင်းကျန်တဲ့ ရုပ်ကလာပ်ကို တက်ရောက်လာကြသူတွေက ဦးညွှတ် အလေးပြုကြတယ်လို့လည်း ဆိုပါတယ်။

သခင်အုန်းမြင့်ဟာ ၁၉၃၃ ခုနှစ်မှာ တို့ဗမာအစည်းအရုံး ဝင်ပြီး ဇာတိ လက်ပံတန်းကနေ ရန်ကုန် ရောက်လာတဲ့အခါ ကြီးပွားရေး မဂ္ဂဇင်း၊ တိုးတက်ရေး သတင်းစာနဲ့ မြန်မာ့အလင်း သတင်းစာ အယ်ဒီတာအဖွဲ့တွေမှာ ပါဝင် ရေးသားခဲ့ပါတယ်။

သခင်အုန်းမြင့်ဟာ ၁၉၅၈- ၆၀ ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရ လက်ထက်မှာ ပုဒ်မ- ၅ နဲ့ ထိန်းသိမ်းခံရပြီး ကိုကိုးကျွန်းကို ပို့ဆောင်ခံရပါတယ်။ အဲဒီနောက် ပြန်လွတ်လာပြီး စစ်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်မှာ ထပ်မံ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ရသလို ၁၉၉၈ ခုနှစ်မှာ ထောင်ဒဏ် ၇ နှစ် ကျခံရပြီး ၃ နှစ်ခွဲ အကြာမှာ ပြန်လွတ်လာပါတယ်။

သခင်အုန်းမြင့်ဟာ အသက် ၉၃ နှစ်အရွယ်မှာ လူကြီးရောဂါနဲ့ ရန်ကုန်မြို့နေအိမ်မှာ စက်တင်ဘာလ ၁၇ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။