ဘဏ်ဝန်ထမ်းတွေကို သြင်္ကန်ပိတ်ရက် ၁၀ ရက်ပေးဖို့ ဗဟိုဘဏ်ညွှန်ကြား


2017.03.30
thingyan-620.jpg ၂ဝ၁၆ ခုနှစ် သြင်္ကန်ကို တွေ့ရစဉ်
Photo: RFA

နိုင်ငံပိုင်ဘဏ်တွေအားလုံး၊ ပုဂ္ဂလိကဘဏ်တွေအားလုံး နဲ့ နိုင်ငံခြားဘဏ်ခွဲတွေအားလုံးက ဝန်ထမ်းတွေကို လာမယ့်သြင်္ကန်ကာလမှာ ပိတ်ရက် ၁၀ ရက် ခွင့်ပြုပေးဖို့အတွက် မြန်မာနိုင်ငံဗဟိုဘဏ်ကနေ ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ညွှန်ကြားလိုက်ပါတယ်။

ငွေကြေးဆိုတာ တိုင်းပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့အတွက် ဘဏ်တွေ အဲဒီလိုကြာကြာပိတ်လို့ မကောင်းဘူးလို့ ကမ္ဘောဇဘဏ်ရဲ့အကြံပေး ဦးသန်းလွင် က ပြောပါတယ်။

"ဘဏ်ကျတော့ သိပ်များများ ပိတ်လို့မကောင်းဘူး၊ ဥပမာ- နိုင်ငံခြားက ပိုက်ဆံတွေဝင်နေတာလည်း ပိတ်သွားတယ်ဗျာ၊ မကောင်းဘူးလေ၊ နိုင်ငံခြားမှာဆို၊ Foreign Exchange Market ဆိုတာ ၂၄ နာရီ ပိတ်ရက်မရှိလုပ်ရတာ၊ ငွေကြေးဆိုတာ တိုင်းပြည်ရဲ့ အသက်သွေးကြောကို သွားပိတ်လို့မရဘူးလေ ၊ မြန်မာပြည်သူတွေအနေနဲ့ နားလည်ဖို့ကောင်းတာက ၅ ရက်ဆိုတာ အင်မတန်များလှပြီ၊ ကမ္ဘာမှာစံချိန် တင်ထားတာက တရုတ်ပြည်က တောက်လျှောက် ၅ ရက်၊ အဲဒီအပေါ်မှာမှ စံချိန်တက်ထားတာ ဗမာပြည်တင်လိုက်တာပေါ့ဗျာ၊ ၁၀ ရက် ပိတ်ရက်တောက်လျှောက် ပိတ်တာက မြန်မာနိုင်ငံက ကမ္ဘာမှာ နံပါတ်တစ်ရခဲ့တယ်၊ ကိုယ့်တိုင်းပြည် အခုဟာ တိုင်းပြည်တည်ထောင်စမှာ ပိုတောင်အလုပ်လုပ်ရမှာ"

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက် နဲ့ ၁၇ ရက်နေ့တွေက ထုတ်ပြန်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ နဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ် တို့ရဲ့ ထုတ်ပြန်ချက်တွေမှာ သြင်္ကန်ကာလရှည် ရုံးပိတ်ရက်ကြောင့် နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ ရုံးလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းတွေ အခက်အခဲတွေ ဖြစ်ပေါ်လာတာ၊ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးကြန့်ကြာ တာတွေ တွေ့ရှိရတာကြောင့် နှစ်သစ်ကူးရုံးပိတ်ရက်ကို သြင်္ကန်အကြိုနေ့ကနေ အတက်နေ့အထိ ၅ ရက်သာပိတ် ဖို့ ရေးသားထားတာ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့က သြင်္ကန်နှစ်သစ်ကူးရုံးပိတ်ရက် ၅ ရက်သတ်မှတ်ထားပေမဲ့ ခွင့်ပြန်လိုတဲ့ ဘဏ် အရာထမ်း၊ အမှုထမ်းတွေအတွက် ကြိုတင်စီစဉ်ထားတဲ့ အစီအစဉ်တွေအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ဖို့ ၁၀ ရက်အဖြစ် ခွင့်ပြုကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့စာမှာ ရေးသားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘဏ်တွေအနေ နဲ့ ဝန်ထမ်းတွေနဲ့ ၂ ဖက်ညှိနှိုင်းပြီး သင့်တော်တဲ့နည်းလမ်းတွေ၊ ခွင့်အမျိုးအစားတွေအနေနဲ့ ဆောင်ရွက်သွားဖို့ လည်း ညွှန်ကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။